
ဧရာဝတီတိုင်းမ်
(မတူပီ)၊ အောက်တိုဘာ ၂၃ ရက်
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ (၁) နှင့် တပ်မဟာ (၂) တို့ အချင်းချင်းပြေလည်ပြီး စစ်ရှောင်ပြည်သူများနေရပ်ပြန်လာနိုင်ရေးအတွက် တတိယအဖွဲ့အစည်းနှင့်အတူ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂ က ပြီးခဲ့သည် အောက်တိုဘာ ၂၁ ရက်နေ့က ထုတ်ပြန်သည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ ၏ ခြောက်လပတ်အစည်းအဝေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ကျင်းပပြီးနောက် အဆိုပါဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ ကို ဧရာဝတီတိုင်းမ်အနေဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် သတင်းရေးသားချိန်အထိ ဆက်သွယ်၍ မရခဲ့ပေ။
ထို့ပြင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ အနေဖြင့် ပြည်သူ့ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် သက်ဆိုင်ရာ ချင်းလဲန်ဝန်ကြီးဌာနများနှင့်အတူ ချိတ်ဆက်ဆောင်ရွက်မည်ဟု ဆိုထားသည်။
“အခုလို သတင်းကောင်းကြားရတော့ ပျော်တာပေါ့။ စစ်ရှောင်နေတာ ၃ နှစ်ကျော်ပြီဆိုတော့ အိမ်ကို အရမ်းပြန်ချင်နေပြီ။ သူများနိုင်ငံမှာ စစ်ရှောင်ရတဲ့အဖြစ်က မလွယ်ဘူးလေ။ အစစအရာရာအရမ်းခက်ခဲတယ်။ မတူပီမြို့သိမ်းပြီးတာနဲ့ ပြန်လို့ ရတော့မယ်လို့ ထင်နေတာ။ အချင်းချင်းပြဿနာဖြစ်တော့ အခုချိန်ထိ မပြန်နိုင်သေးဘူး။ အချင်းချင်းအမြန်ဆုံး ပြေလည်ကြဖို့ ပြည်သူတွေက မျှော်လင့်နေပါတယ်” ဟု မီဇိုးရမ်ပြည်နယ်တွင် စစ်ရှောင်နေသော မတူပီမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ကို ဗျူဟာဖွဲ့စည်းပုံမှ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး တပ်မဟာ ၁ သည် ချင်းညီနောင်နှင့် ပူးပေါင်းကာ တပ်မဟာ ၂ သည် ချင်းလဲန်အစိုးရနှင့် ပူးပေါင်းခဲ့သည်။
မတူပီမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ မြို့သိမ်းပိုက်နိုင်သော်လည်း တပ်မဟာအချင်းချင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက်ပြေလည်မှုမရနိုင်သေးသည့်အတွက် စစ်ရှောင်များနေရပ်သို့ မပြန်နိုင်သေးကြောင်းသိရသည်။
လက်ရှိ ခြောက်လအတွင်း တပ်မဟာ – ၂ တွင် တာဝန်ထမ်းဆောင်နေကြသော ရဲဘော်များအနက် တိုင်းပြည်နှင့် လူမျိုးအတွက် ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီး ခြေထောက်ဆုံးရှုံးသူ ရဲဘော် တစ်ဦးနှင့် ဒဏ်ရာ ရရှိသူ ရဲဘော် ခုနစ်ဦးအထိ ရှိကြောင်းသိရသည်။
တပ်မဟာ – ၂ အနေဖြင့် ချင်းအမျိုးသား တည်ဆောက်ရေး၊ ချင်းအမျိုးသား ပိုင်နက် နယ်မြေကို ကာကွယ်ရေးနှင့် ချင်းပြည် လွတ်မြောက်နိုင်ရေးအတွက် ချင်းပြည်ကောင်စီ၏ ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုထုတ်ပြန်ထားသည်။
ပုံစာ-CDF-မတူပီ၊ တပ်မဟာ ၂
#ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) #တပ်မဟာအချင်းချင်းပြေလည်မှုရရှိရန် #ကြိုးစား #စစ်ရှောင်များနေရပ်ပြန်နိုင်ရန် #ဆောင်ရွက်မည် #တပ်မဟာ၂ #ထုတ်ပြန် #Ayeyarwaddy_Times