
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ရက်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာ အမ်းရှိ လေဆိပ်ကို စစ်ကောင်စီထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ လက်လွှတ်လိုက်ရကြောင်း သိရသည်။
အမ်းလေယာဉ်ကွင်းကို လေယာဉ်များ ဆင်းသက်နိုင်ခြင်းမရှိတော့ဘဲ အာရက္ခတပ်တော် (AA) က စောင့်ကြည့် ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“၂၀ရက်နေ့က လေယာဉ်တစ်စင်းဆင်းဖို့လုပ်သေးတယ်။ တပ်တော်က လှမ်းပစ်လို့ ပြန်တက်သွား ရတယ်။ အခုနောက်ပိုင်း ဘယ်လေယာဉ်မှ အတက်အဆင်း မလုပ်နိုင်တော့ဘူး။ တပ်တော်က လေယာဉ်ကွင်းထဲဝင် ထိန်းချုပ်တာမျိုးတော့မဟုတ်ပေမယ့် စစ်တပ်အသုံးမပြုနိုင်အောင်တော့ လုပ်ထားလိုက်ပြီ” ဟု ရခိုင် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်နေ့မှစ၍ အမ်းလေဆိပ်တွင်း လေယာဉ်ဆင်းသက်မှုကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီး လေဆိပ်အတွင်း လေယာဉ်ဆင်းသက်မှုမလုပ်နိုင်သည့်အတွက် လေကြောင်းမှ လေထီးများအသုံးပြု၍ လက်နက်၊ ရိက္ခာပို့ခြင်းကို ပြုလုပ်ခဲ့ရသည်။
အမ်း နပခမှ လိုအပ်သည့် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာထုတ်များကို လေကြောင်းမှ လေထီးဖြင့် ချပေးရာ ဌာနချုပ်အပြင်သို့ရောက်ရှိသည့်အထုတ်များကို ထွက်ကောက်သည့် စစ်ကောင်စီတပ်ဖွဲ့များကို AA က စနိုက်ဘာဖြင့် ပစ်သည့်အတွက် အထုတ်များကို ကောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။
“အရင်က စစ်ဌာနချုပ်ကို ပစ္စည်းပို့ရင် လေယာဉ်ကွင်းကနေတဆင့် ကားတွေနဲ့သယ်ကြတာ။ အခုက လေယာဉ်ကွင်းနဲ့နီးတဲ့ တပ်ဆေးရုံနဲ့ စရဖနားထိ တိုက်ပွဲပြင်းထန်နေပြီး တပ်တော်က နေရာယူ စိုးမိုးထားတယ်။ ခြေမြန်တပ်ရင်း ၃၇၃ ကာကင်းတွေလည်း ကုန်ပြီလေ။ လေယာဉ် ကွင်းကိုတော့ စစ်တပ်က လုံးဝလက်လွှတ်လိုက်ရပြီ” ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။
အမ်း၏ တိုင်းစစ်ဌာနချုပ်တွင် ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃၊ ကုတင် ၃၀၀ဆံ့ တပ်ဆေးရုံ၊ အမှတ် (၉၄၆) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ခွဲ၊ အမှတ်(၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ်(၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ ထပခ၊ အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမ်းတောင် အုပ်စု အမှတ် (၇၅၇) အလုပ်ရုံတပ်ခွဲ၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲတို့ရှိသည်။
အမ်း လေဆိပ်သည် အမှတ် (၁၀) တပ်ထိန်းတပ်ခွဲအနီး တည်ရှိပြီး တပ်ဆေးရုံနှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့( စရဖ) တို့ အနီးတွင်ရှိနေသော်လည်း စစ်ကောင်စီက လေယာဉ်ကွင်းကို လုံးဝ အသုံးပြု၍ မရသည့်အနေအထားတွင် ရောက်ရှိနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း သံတွဲလေဆိပ်ပြီးလျှင် ယခုအမ်းလေဆိပ်သည် စစ်ကောင်စီအတွက် ဒုတိယ မြောက်လက်လွှတ်လိုက်ရသည့် လေဆိပ်ဖြစ်သည်။
ပုံစာ-အမ်းလေဆိပ် (ပုံဟောင်း)
#ရခိုင် #အမ်းလေဆိပ် #စစ်ကောင်စီ #လက်လွှတ်လိုက်ရ #Ayeyarwaddy_Times