
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့( စရဖ)နှင့် ကုတင် ၃၀၀ ဆံ့ တပ်ဆေးရုံ အနီးထိ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်လာ၍ တပ်ဆေးရုံကို အမ်းမြို့တွင်းသို့ ပြောင်းရွှေ့လိုက်ရကြောင်း သိရသည်။
အမ်းရှိ တပ်ဆေးရုံကို ပြီးခဲ့သည့် အောက်တိုဘာ ၂၀ရက်က အထက (၂) ကျောင်းအတွင်း ပြောင်းရွှေ့ခဲ့ပြီး ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို အမ်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“အမ်း ပြည်သူ့ဆေးရုံကို ပြင်ပလူနာတွေ တင်ခွင့်မပြုတော့ဘူး။ တပ်ဆေးရုံကရွှေ့လာတဲ့ စစ်သားတွေ ထားတယ်။ စစ်တပ်က လုံခြုံရေးယူထားတယ်။ ဆေးရုံဝန်းထဲမှာ” ဟု အမ်းဒေသခံ အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၉ရက်နေ့က အမ်းရှိ စရဖတပ်နှင့် ဆေးတပ်တည်ရှိရာ တပ်ဆေးရုံတို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီ၏ အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းမှနေ၍ လက်နက်ကြီး ပစ်ကူများ ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် AA က မြေပြင်ထောက်ပို့လမ်းကြောင်းများပိတ်ထားသည့်အတွက် အမ်း နပခ အတွင်း လက်နက်၊ ရိက္ခာတို့ကို လေကြောင်းမှ လေထီးဖြင့် ချပေးနေရကြောင်း သိရသည်။
အမ်းတပ်ဆေးရုံ အနောက်ဘက်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် စစ်ကောင်စီက တပ်ဆေးရုံကို မြို့ထဲသို့ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်။
“ညဘက်ကြီး ကား ၇ စီး၊ ၈ စီးလောက်ရှိမယ်။ အထကကျောင်းထဲ လူနာတွေရွှေ့တာ။ တပ်တော် ထိုးစစ်က စရဖတပ်ရော ဆေးတပ်ရော မခုခံနိုင်တော့ဘူး။ လက်နက်ကြီးတွေနဲ့ ပစ်ကူနေတယ်။ ၁၉ရက်နေ့ကတည်းက တအုံးအုံးချနေတာ” ဟု အမ်းဒေသခံအမျိုးသမီးက ပြောသည်။
တပ်ဆေးရုံကို ပြောင်းရွှေ့ပြီးနောက် စစ်ကောင်စီက တပ်ဆေးရုံနှင့် စရဖတပ်အနီးတဝိုက်ကို နပခအတွင်းမှနေ၍ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
#အမ်း #စစ်ကောင်စီ #တပ်ဆေးရုံ #နေရာရွှေ့ #ပြည်သူ့ဆေးရုံ #တပ်လူနာများ #အသုံးပြု #Ayeyarwaddy_Times