
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် ရွှေဆိုင်သိမ်းပြီးပြန် လာသည့်ကားကို သေနတ်ပစ်ဖောက်ပြီး လုယက်ခံရရာ ရွှေသေတ္တာသုံးလုံးပါသွားကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီကျော်ဝန်းကျင်ခန့်တွင် ရွှေဆိုင်သိမ်းပြီးပြန်လာစဉ် လှိုင်မြို့နယ်၊ (၄) ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီး၊ ခြံအမှတ် (၂) ၊ နေအိမ်ရှေ့အရောက်တွင် သေနတ်ပစ်ဖောက်ပြီး ကားနောက်တွင်ထားသည့် ရွှေသေတ္တာများကို လုယက်ယူဆောင်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
“ပိုင်ရှင်အမျိုးသမီးက ဆိုင်သိမ်းပြီး အိမ်ကိုပြန်ရောက်ပြီ။ အိမ်ရှေ့အရောက်မှာ နောက်ကလိုက်လာပြီး လုသွားတာ။ ကားသမားကို သေနတ်နဲ့ချိန်ပြီးပစ်တာမထိလိုက်ဘူး။ ကားနောက် လေကာမှန်ကိုရိုက်ခွဲပြီး ရွှေတွေထည့်ထားတဲ့ သေတ္တာတွေကို ယူသွားတာ။ လူထိခိုက်မှုတော့မရှိဘူး” ဟု ရဲတပ်ဖွဲ့ဝင်နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေနတ်ကိုင်ဆောင်ထားသူ အမျိုးသားနှစ်ဦးက ရွှေငါးပိဿာ ထည့်ထားသည့် သံသေတ္တာ သုံးလုံးကိုယူဆောင်ပြီး ကားဖြင့်ထွက်ပြေးသွားကြောင်း သိရပြီး လက်ရှိအချိန်တွင် သဲလွန်စတစ်စုံ တစ်ရာရရှိခြင်းမရှိသေးဘဲ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်တွင် မြရွှေယုန်ဆိုသည့် ရွှေဆိုင်ကို ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
#ရန်ကုန် #လှိုင် #ရွှေငါးပိဿာ #လုယက်ခံရ #Ayeyarwaddy_Times