ဧရာဝတီတိုင်းမ်
(ထားဝယ်)၊ အောက်တိုဘာ ၂၂ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်အကျဉ်းထောင်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့က လေဖြတ်ခြင်းကြောင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ထံက သိရသည်။

သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသားမှာ အသက် (၆၂) နှစ်အရွယ် ဦးရဲအောင်ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် လေဖြတ်သွားပြီးနောက် ထောင်တွင်း ဆရာဝန်လောက်ငှမှုမရှိသည့်အတွက် ထောင်ပြင်ပ ထားဝယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူ နေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးရဲအောင်မှာ ပုဒ်မ-၅၀(ည) နှင့် ပုဒ်မ-၅၂ တို့ဖြင့် မတရား ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

“ထားဝယ်ထောင်မှာက ထောင်ဆေးရုံကအစကတည်းကမရှိတာ ပြီးဝော့ာ အရည်အချင်းပြည့်ဝတဲ့ ဆရာဝန်တွေကလည်း ထားဝယ်ထောင်မှာမရှိဘူး ဆေးမှူးလိုမျိုးအဆင့်လောက်နဲ့ပဲ ထားဝယ်ထောင်မှာ ပုံမှန်နေမကောင်းတာတွေကို ကုသပေးနိုင်တာမျိုးပဲရှိတယ်။ ဒီလိုအခြေအနေမှာ လေဖြတ် သွားတဲ့အတွက် ထောင်ပြင်ပကိုပို့ပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိထောင်ပြင်ပမှာ လေဖြတ်တဲ့ဝေဒနာကို ခံစားရရင်း ဆေးရုံတင်ထားတဲ့အခြေအနေမှာ ကျဆုံးသွားတယ်လို့သိထားရတယ်။ ဘာရောဂါနဲ့ ကျဆုံးရတယ်ဆိုတာ ကျွန်တော်တို့ သိရှိရဖို့ကြိုးစားနေဆဲဖြစ်ပါတယ်” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုကဲ့သို့ အကျဉ်းထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်မှုများ ကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားပေါင်းမှာ ယခု ၂၀၂၄ ခုနှစ်အတွင်း ၁၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့က အိုးဘိုထောင်တွင် အကျဉ်းကျခံနေရသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် သေဆုံးမှုသည်လည်း ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်းကြောင့်ဖြစ်ပြီး စစ်ကောင်စီသည် နိုင်ငံတကာနှင့်လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ဝေဖန်ထောက်ပြမှုများကို ယခုအချိန်အထိ လျစ်လျှူရှုထားဆဲဖြစ်ကြောင်း သိရသည်။

“လက်ရှိအထိတော့ စစ်ကောင်စီရဲ့အကျဉ်းဦးစီးဌာနဘက်ကတော့ အပြုသဘောဆောင်တဲ့ ပြောင်းလဲ ပြင်ဆင်မှုတွေလုပ်တာကိုတော့ အရမ်းကြီးမတွေ့ရသေးဘူး” ဟု ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သတ်၍ ကိုသိုက်ထွန်းဦးက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး သုံး နှစ်ကျော်ကြာကာလအတွင်း ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်အထိ စာရင်းများအရ အကျဉ်းထောင်တွင်း ဆေးဝါးကုသမှုလုံ လောက်စွာမရသည့်အတွက် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၆၃ ယောက်အထိ ရှိပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ထားဝယ်ထောင် #နိုင်ကျဉ်းသေဆုံး #ဆေးဝါးကုသမှု #လုံလောက်စွာမရ #PPNM #Ayeyarwaddy_Times