
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်
စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရသည့် လူ့အခွင့်ရေး လှုပ်ရှားသူ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဥရောပအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE)အဖွဲ့က နိုင်ငံတကာလူ့အခွင့်အရေးဆု Ludovic Trarieux International Human Rights Prize ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့က ချီးမြှင့်ခဲ့သည်။
ဆုချီးမြှင့်ခြင်းခံခဲ့ရသည့် ရှေ့နေဒေါ်ရွက်နုအောင်သည် အိုးဘိုထောင်တွင် အကျဉ်းကျခံနေရသည့် အတွက် အဆိုပါဆုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အီတလီနိုင်ငံ၊ ရောမမြို့တွင် ကိုယ်စား ဆုလက်ခံရယူ ပေးခဲ့ကြောင်း သိရသည်။
ဒေါ်ရွက်နုအောင်မှာ လွတ်လပ်သည့် တရားစီရင်မှုပေါ်ထွန်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုများနှင့် နိုင်ငံရေး အကျဥ်းသားများအတွက် တရားရေးဆိုင်ရာအခွင့်အရေးများ ရရှိရေးတို့ကို ကြိုးပမ်း လုပ်ဆောင်ခဲ့မှုများကြောင့် ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းလည်း IDHAE အဖွဲ့က ပြောဆိုထားသည်။
“ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်အုပ်စုကနေ မတရားဖမ်းဆီး အပြစ်ပေးမယ်ဆိုတာ သိပေမယ့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ တရားရေးဆိုင်ရာ အခွင့် အရေးရရှိဖို့ သတ္တိရှိရှိကူညီဆောင်ရွက်ပေးတဲ့ သူဟာ ဒီလူ့အခွင့်အရေးဆုနဲ့ ထိုက်တန်သူတစ်ဦး ဖြစ်ပါတယ်” ဟု လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆုလက်ခံရယူချိန်တွင် ပြောကြားခဲ့သည်။
တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ရွက်နုအောင်သည် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဖမ်းဆီးခြင်းခံရသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်း NLD ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ၊ ဒေါက်တာရဲလွင် တို့ ဘက်မှနေ၍ အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သူ ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေစဉ် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ အမှုရုံးချိန်းမှအပြန် ၂၀၂၂ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့ညပိုင်းတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀(ည) ဖြင့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခြင်းခံခဲ့ရသူ ဖြစ်သည်။
“ဆရာမဒေါ်ရွက်နုအောင်ကတော့ အာဏာမသိမ်းခင်အရင် အစိုးရတွေလက်ထက်ကတည်းက နိုင်ငံရေးအမှု၊ အမျိုးသမီးနဲ့ကလေးသူငယ်တွေနဲ့ ဆိုင်တဲ့ပြစ်မှုများစွာအတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ထူးချွန်ထက်မြက်တဲ့ မန္တလေးက အမျိုးသမီးတရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်ပါတယ်။ အာဏာသိမ်းဖြစ်စဉ်မှာ နိုင်ကျဉ်းတွေ၊ ဖမ်းဆီးခံအစိုးရအဖွဲ့ဝင်များဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာရဲလွင်တို့ကို ထောင်တွင်းတရားရုံးမှာ ကိုယ်စားပြုလိုက်ပါ ဆောင်ရွက်ပေးခဲ့တဲ့ရှေ့နေတစ်ဦးပါ” ဟု ဒေါ်ရွက်နုအောင်နှင့် သိကျွမ်းသည့် တရားလွှတ်တော်ရှေ့နေ ဘရဏီ က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ဒေါ်ရွက်နုအောင်မှာ စစ်တပ် အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံတွင် နံမည်ကြီးခဲ့သည့် သက်ငယ်မုဒိမ်းမှုတစ်ခုဖြစ်သည့် သမီးငယ် ဗစ်တိုးရီးယား၏ အမှုဖြစ်စဉ်တွင် နစ်နာသူ ကလေး ငယ်ဘက်မှ ရှေ့နေအဖြစ် အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
ဒေါ်ရွက်နုအောင်အနေဖြင့် အရပ်သားအစိုးရလက်ထက်တွင် NLD ပါတီနာယက ဦးဝင်းထိန် အမှု၊ မန္တလေးတိုင်း လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး ဦးဇာနည်အောင်အမှု စသည့်အမှုများအပြင် အခြား နိုင်ငံရေးနှင့် ပတ်သက် ဆက်နွယ်သည့် အမှုပေါင်းများစွာကိုလည်း ရှေ့နေလိုက်ပါ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
“ဒေါ်ရွက်နုအောင်က လက်ရှိအာဏာသိမ်းကာလမှာ စစ်ကောင်စီက စောင့်ကြည့်ခံနေရပေမယ့် မကြောက်မရွံ့ဘဲ အမှုလိုက်ပါခဲ့တဲ့အတွက် ဒီဆုရထိုက်တဲ့သူတစ်ဦးထဲမှာ ပါဝင်သူတစ်ဦးဖြစ်ပါတယ်။ သူ့အတွက် ဂုဏ်လည်းယူပါတယ်။ သူ့လိုပဲ ဒီတော်လှန်ရေးမှာ ထောင်သွင်းအကျဉ်းကျခံ ခဲ့ရတဲ့ ရှေ့နေတွေ၊ စကစ (စစ်ကောင်စီ)ပစ်မှတ်ထားခံရလို့ မိသားစုနဲ့နေရပ်စွန့်ခွာပြီး ရှေ့နေလိုက်ခွင့်မရှိ တော့တဲ့ ရှေ့နေတွေ၊ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ ရှေ့နေတွေအတွက်လည်း ထပ်တူ အသိအမှတ်ပြုဂုဏ်ယူနေကြောင်း ပြောချင်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဘရဏီက ဆက်လက် ပြောကြားသည်။
ရှေ့နေ ဒေါ်ရွက်နုအောင်ကို ယခုပေးအပ်ချီးမြှင့်ခဲ့သည့် “Ludovic Trarieux” International Human Rights Prize ဆုမှာ နှစ်စဉ်လူ့အခွင့်အရေးကိစ္စရပ်များကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ရှေ့နေများ နှင့် တရားသူကြီးများ ကို ဂုဏ်ပြုသည့်အနေဖြင့် ပေးအပ်ခြင်းဖြစ်ပြီး ယခုအခါ ၂၉ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။
”နှစ်စဉ်နှစ်တိုင်း လူ့အခွင့်အရေးကိစ္စဆောင်ရွက်သည့် ရှေ့နေများ၊ တရား သူကြီးများ၏ ဆောင်ရွက် မှုများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဆုချီးမြှင့်ရခြင်းမှာ သူမ၏ လူ့အခွင့်အရေးအတွက် တရားရေးလုပ်ငန်းများအား အန္တရာယ်များကြားမှ ရွပ်ရွပ်ချွံချွံလုပ်ဆောင်ခဲ့မှုများအတွက် ချီးကျူးဂုဏ်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း” ကိုလည်း အီတလီ အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် Mrs.Laura Boldrini(President of the committee of the human Rights in the world) ကပြောကြားခဲ့ကြောင်း NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါဆုကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ၁၃ ကြိမ်မြောက်ဆုချီးမြှင့်ချိန်တွင် မြန်မာ နိုင်ငံမှရှေ့နေ ဦးအေးမြင့်က ရရှိခဲ့ဖူးပြီး ပထမဆုံး စတင်ကာဆုချီးမြှင့်ချိန် ၁၉၈၅ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးဖြစ်လာမည့် ရှေ့နေနယ်လ်ဆင်မင်ဲဒဲလားက ရရှိခဲ့သည်။
ဓာတ်ပုံ – ဦးအောင်မျိုးမင်း
#ဒေါ်ရွက်နုအောင် #တရားလွှတ်တော်ရှေ့နေ #လူ့အခွင့်အရေးဆုရ #ဖမ်းဆီးခံရ #အမျိုးသမီးဏ္ဍ #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)