နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကရင်အမျိုးသား အစည်းအရုံး(KNU) ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် ခြိမ်းခြောက်ခြင်းပင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေးလေ့လာ စောင့်ကြည့်သူတို့က သုံးသပ်ကြသည်။

စစ်ကောင်စီသည် မြန်မာ-ထိုင်း နယ်စပ်ရှိ KNU ဌာနချုပ် တပ်မဟာ(၇)၊ သေ့ဘေထစခန်းကို ယနေ့ အောက်တိုဘာ ၂၂ ရက်၊ နံနက် ၁၀ နာရီခန့်က ဒရုန်းဖြင့် ဗုံးလေးလုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်တပ်က ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ အဲ့ဒါဘာလည်းဆို ဘယ်ရန်သူရဲ့ ဌာနချုပ် စခန်းကို မဆို သူတို့လုပ်ချင်ရင် လုပ်လို့ရတယ်ဆိုတာပဲ။ အခုလည်း ခြိမ်းခြောက်ခြင်း သဘောလို့ ကျွန်တော် ထင်တယ်” ဟု ကရင်ဝါရင့် နိုင်ငံရေးသမား အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ကြဲချခဲ့သည့် ဗုံးလေးလုံးအနက် ဗုံးတစ်လုံးသာ ပေါက်ကွဲခဲ့ပြီး ထမင်းစားဆောင် ပျက်စီးကာ တပ်ဖွဲ့ဝင် နှစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU နှင့် နီးစပ်သူအပြင် ဒေသခံများထံက သိရသည်။

“တပ်မဟာ (၇)ကို ဒရုန်းတွေနဲ့ လာကြဲတယ်၊ ၂၄ ဘက်ကို ကြဲတာပေါ့။ ရွာထဲက တချို့ကတော့ ဟိုဘက်ကမ်း ကူးကုန်ပြီ၊ ကျွန်တော်တို့တော့ ခဏစောင့်ကြည့်နေတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အဆိုပါနေရာ၌ စစ်ရေးအခြေအနေ ငြိမ်သက်နေပြီး စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်သည် တပ်မဟာ (၇) ကို စစ်ပွဲထဲ ဆွဲသွင်းခြင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေး လေ့လာစောင့်ကြည့်သူ အမျိုးသားတစ်ဦးက သုံးသပ်ထောက်ပြသည်။

“အချိန်တစ်ခုတော့ စောင့်ကြည့်ရမယ် ထင်တယ်။ ဒါဟာ သွေးတိုးစမ်းတာ ဖြစ်နိုင်သလို၊ Target point ရှာတာမျိုးလည်း ဖြစ်နိုင်တယ်” ဟု စစ်ရေး လေ့လာစောင့်ကြည့်သူ အမျိုးသားတစ်ဦးက ဧရာဝတိုင်းမ်ကို ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU) ဌာနချုပ်ကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ KNU ၏ ပြောခွင့်ရ ပဒိုစောတောနီးကို ဧရာ၀တီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်း ထားသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။

စစ်ကောင်စီသည် ၎င်းတို့ အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် နည်းပါးခဲ့သော KNU တပ်မဟာ ၇ နယ်မြေကို ယခုကဲ့သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် ပထမဆုံးအကြိမ်ဖြစ်ကာ စွယ်တော်ကုန်းအမြောက်စခန်း လက်လွှတ်ရမှုနှင့်လည်း သက်ဆိုင်မှုရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာ သူများက သုံးသပ်သည်။

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့အနီးရှိ စွယ်တော်ကုန်း အမြောက်စခန်းကို ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်က KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-KNU (ပုံဟောင်း)

#စစ်ကောင်စီ #KNUဌာနချုပ် #ဒရုန်း #ဗုံးကြဲတိုက်ခိုက် #ခြိမ်းခြောက် #Ayeyarwaddy_Times