ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် ထိစပ်နေသည့် ‌ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီက စစ် ကြောင်းထိုးပြီးနောက် ဒေသခံများကို ရွာအတွင်းမှပြောင်းရွှေ့ကြရန် ဖိအားပေး ခိုင်းစေနေကြောင်း သိရသည်။

ရေကြည်မြို့ရှိ စောပြာ၊ စိမ့်ကြီး စသည့်ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၂၀မှ ဒေသခံများနှင့် ဂွမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများကိုပါ ယနေ့ အောက်တိုဘာ ၂၁ရက်နေ့ နောက်ဆုံးထား၍ ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် အောက်တိုဘာ ဒုတိယပတ်က ဧရာဝတီတိုင်းရှိ ရေကြည်၊ ငသိုင်းချောင်း၊ အသုတ်၊ ကျုံပျော် မြို့နယ်များရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီးနောက် အဆိုပါကျေးရွာများရှိ ဒေသခံများကို ခြိမ်းချောက် မောင်းထုတ်ခဲ့ကြောင်း သိရသည်။

“AA ဝင်လာရင် ပုန်းခိုမှာ အကူအညီပေးမှာ စိုးနေတာရယ်၊ သူတို့ရွာတွေမှာ ကာကင်းတွေ လုပ်မှာရယ် ကြောင့် မောင်းထုတ်တာ။ စစ်ရေးအရ ဗုံးကြဲမှာဖြစ်လို့ မထိခိုက်ခင်ဖယ်ကြ နောက်မှ အဆိုးမဆိုနဲ့ လို့တော့ပြောတယ်။ ကျွန်မတို့က ဘယ်ကိုပြောင်းရမှာလဲ။ ဘယ်မှလည်း အသိမရှိဘူး” ဟု ဂွဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ဂွမြို့နယ်အတွင်း စစ်ကောင်စီတပ်ဆုတ်သွားရာ ဆပ်သွားအနောက်ဘက် ဆားချက်ကြီး၊ ဆင်ကူးနှင့် ကျောင်းတောင်ဘက်တို့ကိုလည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလျက်ရှိပြီး ဒေသခံများကို နေရာပြောင်းရွှေ့ခိုင်းကြောင်း သိရသည်။

AA က ကျောက်ပါးစပ်၊ ဆားချက်၊ ကိုင်းခုံ၊ ဂန့်ဂေါ်တောင်၊ ဘဲအင်း၊ ဒယ်ဘုတ်၊ ဘဝင်၊ ကုလားပြင်အထိ ထိုးစစ်ဆင်လာသည့်အတွက် တိုင်ကျိုးရှိ ပုဂံတောင်ဘုရားကုန်းပေါ်တွင် လက်နက်ကြီးတပ်ဆင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဆပ်သွားနှင့် ကမ်းသာယာကြားရှိ ဇီးကုန်းရွာသို့ တပ်ဆုတ် သွားကြောင်း သိရသည်။

တိုက်ပွဲများသည် ဂွမြို့အနီးသို့ နီးကပ်လာသည့်အတွက် စစ်ကောင်စီတပ်အနေဖြင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မည်ဖြစ်ပြီး ကျေးရွာများရှိ ဒေသခံများ ဖယ်ရှားကြရန်နှင့် ဆက်လက်နေထိုင်ပါက လက်နက်ကြီးကျရောက်ပေါက်ကွဲထိခိုက်လျှင် စစ်တပ်အပြစ်မဟုတ်ဟု ပြောဆိုမှုများရှိကြောင်း သိရသည်။

#ဂွ #ဧရာဝတီတိုင်း #ရေကြည် #စစ်ကောင်စီ #ဒေသခံများ #မောင်းထုတ် #Ayerwaddy_Times