
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ကာ ဒေသခံ ၁၂ ဦးခန့်ကို ဖမ်းဆီးထားကြောင်း ဒေသခံများထံက သိရသည်။
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှထွက်လာသည့် တပ်မ (၃၃) မှအင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့က စတင်၍ စိုင်ပြင်လေးရွာတွင် တပ်စွဲကာ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ဒေသခံ ၁၂ ဦးခန့်ကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
“၁၉ ရက်နေ့က ရွာကိုဝင်လာတာ။ ဆယ်ဝကထွက်လာ ပြီး စိုင်ပြင်လေးကိုဝင်တာ။ နေအိမ်တွေကို မီးရှို့တာ။ စိမ်ပြေနပြေကိုထိုင်ရှို့နေကြတာ။ သူတို့တွေပြန်ထွက် သွားပြီအထင်နဲ့ လောင်နေတဲ့အိမ်တွေ ကို မီးငြှိမ်းဖို့ ရွာထဲဝင်တဲ့ ရွာသားအချို့ စစ်ကြောင်းနဲ့တွေ့ပြီး အဖမ်းခံလိုက်ရတာ မနေ့က။ စစ်ကြောင်းကမထွက်သေးတော့ အသေးစိတ်မသိရသေးဘူး”ဟု စိုင်ပြင်လေးဒေသခံအမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့က ဘုတလင်မြို့နယ်ရှိ စီပါရွာကို ဝင်ရောက်စီးနင်း၍ နေအိမ်များကိုမီးရှို့ကာ ဒေသခံအရပ်သားပြည်သူ ငါး ဦးကို ခေါင်းဖြတ်သတ်၍ အူ၊ အသည်းများကို တစစီဆွဲထုတ်ကာ ခြေ၊လက်များကို လည်း ခုတ်ထစ်ထားခဲ့ကာ ခြံစည်းရိုးတိုင်များတွင် ချိတ်ဆွဲထားခဲ့သည်။
ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် ယင်းစစ်ကောင်စီတပ်သည် နှစ်ပတ်ကျော်အတွင်း စီပါရွာအပါအဝင် တက်လှိုင်း၊ ကျွဲသေချောင်း၊ အိုင်ပေါင်းချောင်း၊ ဆယ်ဝ၊ စိုင်ပြင်လေး၊ မြောက်ကျီရွာ စသည့် ကျေးရွာများရှိ နေအိမ် ၆၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးကာ ဒေသခံများကို ဖမ်းဆီး သတ်ဖြတ်ခဲ့သည်မှာ ၂၃ ဦးခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
ဘုတလင်မြို့ စီပါရွာဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်ကောင်စီတပ်က ၎င်းတို့ကျူးလွန်ခဲ့ခြင်းမဟုတ်ကြောင်း ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့တွင် စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများမှတစ်ဆင့် ငြင်းဆိုထားသည်။
လက်ရှိတွင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးခြင်းခံနေရသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ကြောင်းပြန်လည်ထွက်ခွာသွားပြီးနောက် အိုက်ပေါင်းချောင်းကျေးရွာအတွင်း၌ ခုတ်ထစ် သတ်ဖြတ်ခံထားရသည့် သေဆုံးရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် ထပ်မံတွေ့ရှိရပြီး ပျောက်ဆုံးသူ အများအပြားရှိကြောင်း သိရသည်။
ပုံစာ-စစ်ကောင်စိက မီးရှို့ဖျက်ဆီးထားသည့် စိုင်ပြင်လေးကျေးရွာ
#စစ်ကိုင်း #ဘုတလင် #စိုင်ပြင်လေး #စီပါရွာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #သတ်ဖြတ် #Ayeyarwaddy_Times