(အစ္စရေးနိုင်ငံသားတွေကို အန္တရာယ်ဖြစ်စေဖို့ ကြိုးပမ်းသူဟာ တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ ဆို)
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်
စနေနေ့က ဝန်ကြီးချုပ် နေတန်ယာဟုရဲ့နေအိမ်ကို ဒရုန်းတစ်စင်းနဲ့ တိုက်ခိုက်ခဲ့ပေမယ့် ဝန်ကြီး ချုပ်က နေအိမ်မှာမရှိသလို ဘယ်သူမှလည်း ဒဏ်ရာရရှိတာမရှိဘူးလို့ အစ္စရေးနိုင်ငံက ပြောပါတယ်။
နေတန်ယာဟုက ဒရုန်းတိုက်ခိုက်မှုဖြစ်စဉ်အတွက် လက်ဘနွန် ရှီးယိုက်မူဆလင်အဖွဲ့ ဟက်ဇ်ဘို လာကို အပြစ်ဖို့ချခဲ့ပြီး လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတစ်ခုလို့ ပြောဆိုလိုက်ပါတယ်။
“ဒီလို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုဟာ စိုးရိမ်ဖွယ်ရာ မှားယွင်းမှုတစ်ခုဖြစ်ပြီး အစ္စရေးနိုင်ငံ သားတွေကို အန္တရာယ်ဖြစ်စေဖို့ ကြိုးပမ်းသူဟာ တန်ဖိုးကြီးကြီး ပေးဆပ်ရမှာဖြစ်ပါတယ်” လို့ သူက ဆို ပါတယ်။
ဒရုန်းတစ်စင်းဟာ စနေနေ့က လက်ဘနွန်နိုင်ငံမှ အစ္စရေးနိုင်ငံတွင်း ဖြတ်ကျော်ကာ အစ္စရေးနိုင် ငံအလယ်ပိုင်း၊ ကေဆာရီယာမြို့ရှိ နေတန်ယာဟုရဲ့နေအိမ်ကို တိုက်ခိုက်ခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့နေရာဟာ လက်ဘနွန်နယ်စပ်မှ ကီလိုမီတာ ၇၀ ခန့်အကွာမှာ တည်ရှိပါတယ်။ ကြားဖြတ်စနစ်ကို ချိုးဖျက်ကာ တိုင်းပြည်အတွင်းပိုင်းအထိ ဝင်ရောက်လာခဲ့တဲ့ ဒရုန်းဖြစ်စဉ်ကို အစ္စရေး အာဏာပိုင်တွေက အလေးအနက် သုံးသပ်လျက်ရှိပါတယ်။
ဟက်ဇ်ဘိုလာအဖွဲ့ ပစ်ခတ်တဲ့ ဒုံးကျည် အစင်း ၁၈၀ ခန့် လက်ဘနွန်နိုင်ငံမှ အစ္စရေးနိုင်ငံတွင်း သို့ ဖြတ်ကျော်ကျရောက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်နဲ့ မီဒီယာတွေက စနေနေ့မှာ ပြောပါတယ်။
အဆိုပါ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံမြောက်ပိုင်းမှာ လူတစ်ဉီး သေဆုံးကာ ၁၄ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသရှိ ဟားမာစ်အဖွဲ့ခေါင်းဆောင် ယာရာဆင်ဝါကို သတ်ဖြတ်မှုအတွက် လက်တုံ့ပြန်ဖို့ အစ္စရေးနိုင်ငံအတွင်း တိုက်ခိုက်မှုတွေ အရှိန်မြှင့်မယ်လို့ ဟက်ဇ်ဘိုလာအဖွဲ့က ကတိပြုပြီး နောက် ဒုံးကျည်တိုက်ခိုက်မှု ဖြစ်လာခဲ့တာပါ။
အစ္စရေးနဲ့ ဟက်ဇ်ဘိုလာအဖွဲ့အကြား တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာမှာကို စိုးရိမ်မှုတွေ ရှိနေ တယ်လို့ သိရပါတယ်။
ကိုးကား – NHK
Ref; Israeli PM Netanyahu: Hezbollah’s attempt to assassinate him a grave mistake
#Ayeyarwaddy_Times