ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
တိုက်ခိုက်ရေးဒရုန်းတွေ ထုတ်လုပ်ပြီး တင်ပို့ရာမှာပါဝင်တဲ့ တရုတ်ကုမ္ပဏီနှစ်ခုနဲ့ ရုရှားလုပ်ငန်း တစ်ခုကို အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး ယူကရိန်းစစ်ပွဲအတွက် ပူးပေါင်းဆောင်ရွက်မှု ရပ် တန့်ဖို့ နှစ်နိုင်ငံစလုံးကို သတိပေးလိုက်ပါတယ်။
ရုရှားနိုင်ငံရဲ့ Garpiya ဒရုန်းတွေအတွက် အင်ဂျင်ထုတ်လုပ်ပေးတဲ့ Xiamen Limbach Aircraft Engine Co Ltd နဲ့ ဒရုန်းတင်ပို့မှုမှာပါဝင်တဲ့ Redlepus Vector Industry Shenzhen Co Ltd တို့အပြင် ရုရှားနိုင်ငံသားတစ်ဉီးနဲ့ ကုမ္ပဏီတစ်ခုကို ဒဏ်ခတ်ပိတ်ဆို့တာလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းနိုင်ငံရှိ စစ်ဘက်နဲ့အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အဆိုပါဒရုန်းတွေကို အ သုံးပြုခဲ့တယ်လို့ ယူဆရပြီး အရေးပါသော အခြေခံအဆောက်အအုံတွေ ထိခိုက်မှုဖြစ်စေကာ အရပ်သား နဲ့ စစ်ဘက်ထိခိုက်သေဆုံးမှုတွေ ဖြစ်စေခဲ့ပါတယ်။
“အမေရိကန်နိုင်ငံဟာ ရုရှားစစ်တပ်အတွက် အရေးပါတဲ့ပစ္စည်းတွေ ထောက်ပံ့ပေးတဲ့ တရုတ် ကုမ္ပဏီတွေအပေါ် အရင်က ဒဏ်ခတ်ပိတ်ဆို့ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ရုရှားကုမ္ပဏီတွေနဲ့ စစ်လက် နက်တွေ ပူးတွဲထုတ်လုပ်တဲ့ တရုတ်ကုမ္ပဏီတွေကို ပထမဆုံး ဒဏ်ခတ်ပိတ်ဆို့တာဖြစ်ပါတယ်” လို့ နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မတ်သယူးမေလာက ပြောပါတယ်။
တရုတ်ကုမ္ပဏီတွေရဲ့ လုပ်ရပ်တွေဟာ တရုတ်အစိုးရရဲ့ ရည်ရွယ်ချက်တွေနဲ့ ကွဲလွဲနေတယ်လို့ အမေရိကန်အစိုးရ အကြီးတန်း အရာရှိတစ်ဉီးက ပြောပါတယ်။
တရုတ်နိုင်ငံက အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆန့်ကျင်ပြီး စစ်လက်နက်တွေ တင်ပို့မှုကို တာဝန်ရှိရှိ ကိုင်တွယ်နေတယ်လို့ ဝါရှင်တန်မြို့တော်ရှိ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ လျူ ပန်ယုက ပြောပါတယ်။
“တရုတ်နိုင်ငံရဲ့ ရုရှားနဲ့ ပုံမှန်ကုန်သွယ်မှုကို အမေရိကန်နိုင်ငံက မှားယွင်း စွပ်စွဲနေပေမယ့် ယူက ရိန်းနိုင်ငံကို မကြုံစဖူး စစ်ရေးအကူအညီ ပေးအပ်နေပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ အောက်တိုဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ ရုရှားနိုင်ငံမှာကျင်းပမယ့် BRICS ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ဆုံမှာဖြစ်ပြီး နှစ်နိုင်ငံကြား ပူး ပေါင်းဆောင်ရွက်မှုတွေကို အမေရိကန်နိုင်ငံက စောင့်ကြည့်နေတယ်လို့ အကြီးတန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုးကား – Reuters
Ref; US sanctions Chinese, Russians over attack drones used in Ukraine
#Ayeyarwaddy_Times