
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ရက်
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို ကချင်လွတ်လပ် ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တရုတ်နိုင်ငံသည် KIA ထိန်း ချုပ်နယ်မြေများနှင့် ဆက်စပ်နေသော နယ်စပ်ဂိတ်များကို ပိတ်ချလိုက်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့၊ မနက်အစောပိုင်း ၁၂ နာရီကျော်ခန့်ကစတင်၍ ကချင်ပြည်နယ်အတွင်းရှိ KIA ထိန်း ချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်၊ လိုင်ဇာ စသည်တို့နှင့် ထိစပ်လျက်ရှိသော နဘန်- လိုင်ဇာ ဂိတ်၊ ဆီမား- လိုင်စင်ဂိတ် နှင့် ခရှန်ဂိတ်များကို ပိတ်သိမ်းလိုက်ကြောင်း သိရသည်။
ထိုသို့ပိတ်သိမ်းရာတွင် နယ်စပ်ဂိတ်အချို့ကို ပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်းနှင့် စနစ်များ အဆင့်မြှင့်မည်ဟု စာများ ထုတ်ပြန်၍ ပိတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ညနေ ၅နာရီလောက်ကတည်းက ပန်ဝါ ဗျူဟာစခန်းဘက် မီးလောင်တယ်။ အပြန်အလှန်ပစ်ခတ်သံတွေလည်းရှိတယ်။ အခု ၁၉ ရက်မနက်အစောကြီးမှာ KIA တပ်တွေ မြို့ထဲဝင်လာတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
KIA သည်ပန်ဝါမြို့ရှိ စစ်ကောင်စီစခန်းများကို ယမန်နေ့ အောက်တိုဘာ ၁၈ရက်နေ့ ည ၉နာရီခန့်က သိမ်းပိုက်လိုက်ပြီး ယနေ့ အောက်တိုဘာ ၁၉ရက်နေ့ နံနက်အစောပိုင်းတွင် ပန်ဝါမြို့အတွင်းသို့ KIA တပ်များ ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
KIA သည် ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းကပင်ပန်ဝါမြို့အနီးရှိ ချီဖွေနှင့်ဆော့လော်မြို့များကိုတိုက်ခိုက် သိမ်းယူပြီး ပန်ဝါမြို့ကို စစ်ရေး ဦးတည်လာခဲ့ခြင်းဖြစ်သည်။
ပန်ဝါမြို့ကို သိမ်းယူအပြီးတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့များ မြို့ကို စွန့်ခွာ၍ ထွက်ပြေးသွားကြကြောင်း သိရသည်။
တရုတ်နိုင်ငံက တရုတ်နယ်စပ်တလျှောက်ဂိတ်များ ပိတ်ထားသဖြင့်ပန်ဝါမြို့မှစစ်ရှောင်များသည် တရုတ်နိုင်ငံအတွင်း ဝင်ရောက်၍ စစ်ရှောင်ခွင့်မရဘဲ ပိတ်မိနေကြောင်း သိရသည်။
စစ်ကောင်စီသည် ပန်ဝါမြို့ သိမ်းပိုက်ခံရပြီးနောက် ယနေ့ အောက်တိုဘာ ၁၉ရက် နံနက် ၁နာရီခန့်မှစ၍ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို
ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံဘက်က အချက်ပြမီးကျည်များပင် ပစ်ဖောက်ခဲ့ရကြောင်း သိရသည်။
ပုံစာ- တရုတ်နယ်စပ်အနီး အမှတ်အသားများလုပ်၍ စစ်ရှောင်များမဝင်ရန် တားမြစ်မှုများပြုလုပ်နေစဥ်နှင့် တရုတ်နယ်စပ်သို့ စစ်ရှောင်လာသော ပန်ဝါဒေသခံများ
#ကချင် #ပန်ဝါ #KIA #သိမ်းပိုက် #တရုတ်နယ်စပ်ဂိတ်များပိတ် #Ayeyarwaddy_Times