
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
လာမည့် ၂ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝ ကျွန်းပေါ်ဒေသများတွင် လေပြင်းတိုက်ပြီး မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာန (မိုး/ဇလ)က ယနေ့ အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။
ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ် အော်တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။
ယင်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်း ပေါ်ဒေသများဖြစ်သည့် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်ပြီး လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးထစ်ချုန်းရွာခြင်းတို့ ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။
” မနေ့ညက တစ်နာရီကျော်လောက်က လေပြင်းတွေတိုက်လာတယ်။ ကောင်းကင်ကြီးနီလာပြီးတော့ ညလေပြင်းတိုက်ပြီး မိုးရွာတယ်။ မနက်လင်းတဲ့အထိပဲ။ တံခါးတွေဖွင့်ထားတော့ ထပိတ်ရတယ် ” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်းပါဝင်သည်။
ထိုင်းမိုးလေဝသဌာနဖော်ပြချက်တွင် ထိုင်းပင်လယ်ကွေ့၌ လေပွေလှိုင်းစတင်ဖြစ်ပေါ်နေပြီး အောက်တိုဘာ ၂၂ ရက်မှ စတင်၍ ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀ ရာခိုင်နှုန်းအထိရှိနေကြောင်း အရပ်ဘက်မိုးလေဝသပညာရပ်လေ့လာသူ ဦးဝင်းနိုင်က ဆိုထားသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းလမ်းကြောင်းသည် မြန်မာ့ကမ်းရိုးတန်းနှင့်နီးကပ်ခြင်း၊ မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းအနီးမှဒေသများသည် မုန်တိုင်းလမ်းကြောင်း၏ ညာဘက်ခြမ်းတွင်ရှိနေခြင်းတို့ကြောင့် မုန်တိုင်းအရှိန်သက်ရောက်မှုရှိနိုင်/များနိုင်ကြောင်း ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။
#လေပြင်းတိုက် #မိုးထစ်ချုန်းရွာမည် #ရန်ကုန် #ပဲခူး #ဧရာဝတီ #Ayeyarwaddy_Times