
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၅ ရက်
အိန္ဒိယနိုင်ငံကို လာမယ့် ၂၅ နှစ်အတွင်း ဖွံ့ဖြိုးပြီးတိုင်းပြည်တစ်ခုဖြစ်အောင် လုပ်ဆောင်မယ်လို့ ဝန်ကြီး ချုပ် နာရင်ဒရာမိုဒီက ယနေ့ ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာ နယူးဒေလီမြို့တော်က ၁၇ ရာစုလက်ရာ ခံတပ်နီမှ ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားရာမှာ မိုဒီက အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေရဲ့ အိန္ဒိယနိုင်ငံအပေါ်အမြင်က ပြောင်းလဲနေပြီး ကမ္ဘာ့ရေးရာ ကိစ္စရပ်တွေကို ကူညီဖြေ ရှင်းဖို့ မျှော်မှန်းထားတယ်လို့ မိုဒီက ဆိုပါတယ်။
သိပ္ပံနဲ့နည်းပညာမှာ အကောင်းမွန်ဆုံးဖြစ်ဖို့၊ စက်မှုလုပ်ငန်းတွေ ထူထောင်ဖို့နဲ့ စားနပ်ရိက္ခာဖူလုံဖို့ ကိုယ့် အားကိုယ်ကိုးရေးနဲ့ နိုင်ငံတကာနဲ့ မိတ်ဖက်တည်ဆောက်ရေး စိတ်ဓာတ်ကို ကျင့်သုံးမယ်လို့ ၄င်းက ဆိုပါတယ်။
လူဦးရေ ၁ ဒသမ ၄ ဘီလီယရှိတဲ့ အိန္ဒိယနိုင်ငံက သတင်းအချက်အလက်နည်းပညာ၊ ဆေးဝါး၊ အာကာ သသိပ္ပံနဲ့ အရပ်ဘက် နျူကလီးယားစွမ်းအင်မှာ ဦးဆောင်နိုင်ငံဖြစ်အောင် ကြိုးပမ်းခဲ့တယ်လို့ သူက ဆိုပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ၇၅ နှစ်ကြာ လွတ်လပ်ရေးခရီးက အနိမ့်အမြင့်တွေရှိခဲ့ပြီး အခက်အခဲတွေကို ခံနိုင်ရည်ရှိမှု၊ ဇွဲလုံ့လတွေနဲ့ တိုက်ပွဲဝင်ခဲ့ရတယ်လို့ မိုဒီက ပြောပါတယ်။
မိနစ် ၈၀ ကြာ မိန့်ခွန်းအတွင်း မိုဒီက အိန္ဒိယနိုင်ငံရဲ့ ခါးသီးတဲ့ပြိုင်ဘက် အိမ်နီးချင်း ပါကစ္စတန်၊ တရုတ် တို့နဲ့ပတ်သက်ပြီး ထည့်သွင်းခဲ့ခြင်းမရှိသလို ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်မယ်လို့ မပြောကြားခဲ့ပါဘူး။
တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ အကျင့်ပျက်ချစားမှုနဲ့ ဆွေမျိုးကောင်း စားရေးဝါဒကို တိုက်ဖျက်မယ်လို့လည်း မိုဒီက ကတိပြုခဲ့ပါတယ်။
ကိုးကား – The Washington Post
Ref; PM Modi pledges to make India developed country in 25 years