ဓာတ်ပုံ - ရေးမြို့ အထက ၁ စာသင်ကျောင်း

နိုင်း/ဧရာဝတီတိုင်မ်း
(ရေး)၊ ဩဂုတ်လ ၁၅ ရက်

မွန်ပြည်နယ် ၊ရေးမြို့ပေါ်က အခြေခံပညာကျောင်းတချို့ တွင် သြဂုတ်လ ပထမပတ်မှစ၍ ကျောင်းတက်ရောက်သူနည်းပါးလျက်ရှိကြောင်း ဒေသခံများထံကသိရသည်။

ဩဂုတ်လ ၂ ရက်နေ့က ရေးမြို့ လဝက ရုံးပစ်ခတ်ခံရပြီးနောက် ကျောင်းသားတွေကို၄င်းတို့ရဲ့မိဘတွေက ပြန်လည်ခေါ်ဆောင်သွားသဖြင့် စာသင်ကျောင်းများယာယီပိတ်ခဲ့ပြီးနောက် ရေးမြို့ကို စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်တင်းကြပ်ထားကြောင်းသိရသည်။

ထို့နောက် စစ်ကောင်စီဘက်က စာသင်ကျောင်းများကို ဆက်လက်ဖွင့်လှစ်ထားသော်လည်း ကျောင်းသားမိဘများက ၄င်းတို့၏ကျောင်းသားကလေးများအား သြဂုတ်လ ၁၂ ရက်ထိ စာသင်ကျောင်းကိုပို့ဆောင်ခြင်းမရှိတော့ကြောင်း ဒေသခံတဦးကပြောသည်။

“‌ကျောင်းတွေကတရားဝင်ပိတ်ထားတာမဟုတ်ဘူး၊ ခလေးတွေကကျောင်းမသွားတော့တာ၊ ဒီအထက ၁ ကျောင်း တခုဘဲတက်တဲ့သူရှိတာ၊ တခြားကျောင်းတွေမှာ တက်တဲ့သူသိပ်မရှိဘူး။ လဝကရုံးအပစ်ခံရပီးတဲ့နောက်မှာ ၁၀ ရက်နီးပါးလောက်ရှိပြီ ကျောင်းသားမိဘတွေကလည်း ကျောင်းပေးမတက်တော့တာ” ဟု ဒေသခံကျောင်း သားမိဘအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီအနေဖြင့်လည်း ၄င်းတို့လက်အောက်ခံဌာနဆိုင်ရာရုံးများတွင်သာ လုံခြုံရေးအများအပြားချထားပြီး စာသင်ကျောင်း တချို့တွင်သာ လုံခြုံရေး ချပေးထားကြောင်း သိရသည်။

” ဌာနဆိုင်ရာရုံးတွေက တခုပြီးတခုဝင်ပစ်ခံနေရတော့ ဌာနဆိုင်ရာရုံးတွေမှာ လုံခြုံရေးပိုများတယ်ချထားတာ။ မြို့ပေါ်ကကျောင်းတွေအကုန်လုံးမှာ လုံခြုံရေးမပေးနိုင်ဘူး။ ထ ၁ လိုကျောင်းကြီးလောက်ဘဲ စောင့်ပေးနိုင်တာ။ ခုက ရေးမြို့ မှာက ကျောင်းသားနဲ့မိဘတွေမပြောနဲ့၊ လူကြီးတွေတောင် နေခင်းဘက်ထွက်ဖို့တောင်လန့်နေရတာ” ဟု အခြားမြို့ခံအမျိုးသားတဦးကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ရေးမြို့ကို ညမထွက်ရအချိန်တိုးမြှင့်ကန့်သတ်မှုအပါအဝင် ဒေသန္တရအမိန့်ထုတ်ပြန်ထားပြီး ရေးမြို့ အတွင်းတွင်လည်း လုံခြုံရေးတင်းကြပ်ထားကာ စစ်ကောင်စီ ဌာနဆိုင်ရာရုံးများသို့သွားလာသည့်လမ်းမများကိုလည်းပိတ်ထားပြီး ဖြတ် သန်းသွားလာခွင့်မပြုကြောင်း မြို့ခံများကပြောသည်။

ထို့အပြင် ရေးမြို့နယ်အတွင်းကို စစ်အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေပြီး နေရာအနှံ့အပြားတွင် ကင်းပုန်းများချ၍ စောင့်ကြည့်နေကြောင်း သိရသည်။