ဧရာဝတီတိုင်းမ်
(မြဝတီ)၊ အောက်တိုဘာ ၁၈ ရက်

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ လေးကေ့ကော်မြို့သစ်အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ စွယ်တော်ကုန်း အမြောက်တပ်စခန်းကို ယမန့်နေ့ အောက်တိုဘာ ၁၇ ရက်နေ့က စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ထားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီလက်အောက်ခံ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်(မစခ−၆၀၆) လက်အောက်ခံ စွယ်တော်ကုန်းအမြောက်စခန်းကို စခန်းသိမ်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်သုံ့ပန်းများအပြင် ၁၂၀-မမ လက်နက်ကြီး နှစ်လက်၊ ပွိုင့်ဖိုက်တစ်လက်၊ လက်နက်ငယ်များ နှင့် ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အမြောက်တပ်စခန်းမှာ လေကေ့ကော် မြို့သစ် တိုက်ပွဲဖြစ်ပွားပြီးချိန်မှစတင်ကာ မြဝတီ နှင့် ဖလူးဒေသတစ်လျှောက်သို့ လက်နက်ကြီးများနှင့် မကြာခဏ ပစ်ခတ်မှုများပြုလုပ်နေပြီး ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် တပ်စခန်းတစ်ခုဖြစ်ကြောင်းလည်း KNU ထုတ်ပြန်ချက်အရ သိရသည်။

စွယ်တော်ကုန်းအမြောက်စခန်းမှာ ၂၀၀၃ ခုနှစ်မှ စတင်ကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်များမှ ထိုင်း−မြန်မာ နယ်စပ်အခြေစိုက် တပ်စခန်းအဖြစ် စတင်တပ်စွဲခဲ့ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းသည့် အချိန်မှစတင်ကာ တပ်မ-၂၂၊ တပ်မ-၄၄ နှင့် ကမ်းရိုးတမ်းတပ်များပါ လာရောက်တပ်စွဲခဲ့သည့ တပ်စခန်းတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(K.N.L.A) ဦးဆောင်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များမှ ခုနစ်လကြာ ပိတ်ဆို့ထားနိုင်ပြီးနောက် ယခုကဲ့သို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – KNU
#လေကေ့ကော် #စွယ်တော်ကုန်းအမြောက်တပ် #စခန်းသိမ်းပိုက် #တော်လှန်ရေးတပ်ဖွဲ့ #စစ်သုံ့ပန်း #KNLA #Ayeyarwaddy_Times