
ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ အောက်တိုဘာ ၁၇ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့နှင့် ဟားခါးမြို့အကြားတွင် တည်ရှိသော အော်တိုတပ်စခန်း(C3)ကို ချင်းလဲန်အစိုးရလက်အောက်ခံကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ အောက်တိုဘာ ၁၆ ရက်နေ့တွင် ပြန်လည်လက်လွှတ်လိုက်ရကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့က အခိုင်အမာတပ်စွဲထားသော အော်တိုတပ်စခန်းကို ပြီးခဲ့သည့် ဩဂုတ်လတွင် ချင်းလဲန်လက်အောက်ခံကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်က အင်အား အလုံးအရင်းဖြင့် တန်ပြန်ထိုးစစ်ဆင်လာမှုကြောင့် ပြန်လည်လက်လွှတ်ရခြင်းဖြစ်ကြောင်း သိရသည်။
“C3 တပ်ကုန်းပြန်အသိမ်းခံရတယ်။ စစ်ကောင်စီဘက်က လေကြောင်းရော ကုန်းကြောင်းနဲ့ပါ အလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်လာတဲ့အတွက် နောက်ဆုတ်ပေးလိုက်ရတယ်။ ထန်တလန်မြို့ထဲ အထိ စစ်ကူပေးဖို့ ထင်တယ်။ ထန်တလန်မြို့အတွက် အဲ့ဒီအော်တိုတပ်ကုန်းက စစ်ကောင်စီ တပ်ဖွဲ့အတွက် အလွန်အရေးပါတဲ့ တပ်ကုန်းတစ်ခုလည်းဖြစ်တယ်” ဟု မြေပြင်သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ချင်းအမျိုးသားတပ်မတော်(CNA)ဦးဆောင်သော ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် ယခင်နှစ်ကလည်း ထန်တလန်မြို့နယ်၊ အော်တိုတပ်စခန်းကို တစ်ကြိမ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ပြန်လည်လက်လွှတ် ခဲ့ရသလို ထန်တလန်မြို့သိမ်းတိုက်ပွဲအတွင်းတွင် ပြန်လည်သိမ်းပိုက်ခဲ့သော အော်တိုတပ်စခန်းကို ထပ်မံလက်လွှတ်လိုက်ရခြင်းဖြစ်သည်။
ထန်တလန်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းမှ စတင်၍ ချင်းလဲန်အစိုးရ လက်အောက်ခံကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်ရှိရဲစခန်းနှင့် NLD ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဆက်လက်တိုက်ခိုက်လျှက်ရှိသည်။
စစ်ကောင်စီသည် ထန်တလန်မြို့နယ်တွင် လက်လွှတ်ဆုံးရှုံးခဲ့သော တပ်စခန်းများကို ပြန်လည် ထိန်းချုပ်နိုင်ရန် တန်ပြန်ထိုးစစ်ဆင်လာခဲ့ပြီး လက်ရှိတွင် နှစ်ဘက်တိုက်ပွဲဆက်လက် ပြင်းထန် လျှက်ရှိကြောင်းသိရသည်။
ပုံစာ-အော်တိုတပ်စခန်း။
#ချင်းလဲန်အစိုးရလက်အောက်ခံ #ကာကွယ်ရေးတပ်ဖွဲ့များ #သိမ်းပိုက် #အော်တိုတပ်စခန်း #ပြန်လည်လက်လွှတ် #Ayeyarwaddy_Times