ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်

ရှမ်းမြောက်၊ သီပေါမြို့နယ်တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ- ၂၃ ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

သီပေါမြို့ရှိ စစ်ကောင်စီ၏နောက်ဆုံးလက်ကျန်စခန်းကို ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး မြို့အလုံးစုံကို ထိန်းချုပ်နိုင်ခဲ့သည်ဟု TNLA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“စခန်းကျခါနီးလေ ဂျက်ဖိုကိတာတွေ တအားတက် လာလေပဲ။ စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပါပြီ။ စခန်းက ရတဲ့ လက်နက်ခဲယမ်းတွေလည်းရှိတယ်။ အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ သီပေါမြို့ကို TNLA က နှစ်လကျော်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကာ သီပေါမြို့အတွင်းတွင် ခမရ ၅၀၃၊ ၅၀၄ နှင့် ခလရ ၂၃ တပ်စခန်းတို့ အခြေစိုက်ထားသည့်မြို့ဖြစ်သည်။

သီပေါမြို့ သည် “၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေး” အတွင်း တအာင်းတပ်မတော် (TNLA) က သိမ်းပိုက်ရရှိခဲ့သည့် ငါး မြို့မြောက် မြို့ ဖြစ်သည်။

#ရှမ်းမြောက် #သီပေါ #TNLA #သိမ်းပိုက် #Ayeyarwaddy_Times