ဗွီအာတီ/ ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဩဂုတ် ၁၄ ရက်
အိန္ဒိယနိုင်ငံ၊ မီဇိုးပြည်နယ်အတွင်း ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ စစ်ဘေးရှောင်နေကြသော နေရပ်စွန့်ခွာပြည်သူများ ၈ လကျော်ကြာသည်အထိ နေရပ်ဒေသသို့ မပြန်နိုင်သေးကြောင်းစစ်ဘေးရှောင်ကူညီပေးနေသူများထံကသိရသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက မတူပီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြားတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရထွက်ပြေးနေရသည့်စစ်ဘေးရှောင်များဖြစ်ပြီး စစ်ကောင်စီတပ်က ဒေသအတွင်း အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများ ယခုအချိန်ထိ ဆက်လက်လုပ်ဆောင်နေသဖြင့် နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း စစ်ဘေးရှောင်ကူညီပေးသူတဦးကပြောသည်။
“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက မတူပီမြို့တွင်းနဲ့ ကျေးလက်ဒေသတွေမှာ အကြမ်းဖက်လုပ်ရပ်တွေကို နည်းလမ်းပေါင်းစုံနဲ့ ကျူး လွန်လာခဲ့ပါတယ်၊ မြို့တွင်းမှာဆိုရင် နေ့ခင်းဘက်တွေမှာ ဧည့်စာရင်းတွေ လိုက်လံစစ်ဆေးပြီး အပြစ်မဲ့ပြည်သူတွေကို မတရားပုဒ်မတွေတပ်ပြီး ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်မှုတွေ ပြုလုပ်တယ်၊ ကျေးလက်ဒေသတွေမှာတော့ အပြစ်မဲ့ပြည်သူတွေကို ဒေသပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ ပတ်သက်မှုရှိတယ်လို့ စွပ်စွဲပြီး ရက်စက်စွာ သတ်ဖြတ်ခံနေရတယ်၊ ဒါကြောင့် မီဇိုးပြည်နယ်ဘက်ကို စစ်ဘေးရှောင်လာတဲ့ မတူပီမြို့နယ်က ပြည်သူလူထုတွေဟာ မိုပိုများပြားလာပါတယ်၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေပိုမို ဆိုးရွားလာတဲ့အတွက် (၈)လကျော်တဲ့အထိ မိမိနေရပ်ဒေသကို ပြန်နိုင်ဖို့ မဖြစ်နိုင်သေးဘူးပေါ့နော်”ဟု မီဇိုးပြည် နယ်၊ မတူပီစစ်ဘေးရှောင်လက်ခံရေးအဖွဲ့မှ တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်သတင်းဌာနကို ပြောကြားသည်။
အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဘက်မှ စစ်ဘေးရှောင်ပြည်သူများအား နေရပ်ပြန်လည်ပို့ဆောင်ပေးရန် ဩဂုတ်လ ၅ ရက်နေ့တွင် မီဇိုးပြည်နယ်အစိုးရထံသို့ ပေးပို့အကြောင်းကြားခဲ့ကြောင်းသိရသည်။
စစ်ဘေးရှောင်ပြည်သူများအား နေရပ်ပြန်လည်ပို့ဆောင်ပေးရန်နှင့်ပတ်သက်ပြီး မီဇိုးပြည်နယ်အစိုးရအဖွဲ့က လက်ခံရရှိခဲ့ပြီး စစ်ကောင်စီနိုင်ငံ
နိုင်ငံခြားဝန်ကြီးဌာန၏ တောင်းဆိုချက်အပေါ် စစ်ဘေး ရှောင်ပြည်သူများအား ပြန်လည်ပို့ဆောင်မပေးနိုင်ကြောင်းနှင့် ဆက်လက်ကူညီမှုများပြုလုပ်သွားမည်ဟု Chin World မီဒီယာကို မီဇိုးပြည်နယ်၊ ပြည်ထဲရေးဝန်ကြီး PU Lalchamlianaက ဖြေဆိုထားသည်။
မီဇိုးပြည်နယ်ဘက်သို့ စစ်ဘေးရှောင်နေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူ ၄၀၀၀၀ ကျော်ကို မီးဇိုးပြည်နယ် အစိုးရဘက်က အဘက်ဘက်မှ ကူညီပံ့ပိုးမှုများဆောင် ရွက်ပေးနေပြီး လူငယ်အဖွဲ့အစည်း(YMA)၊ MZP၊ အရပ်ဖက်အဖွဲ့အစည်း (NGO)နှင့် ခရစ်ယာန်အသင်းအဖွဲ့များကလည်း စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနေကြောင်း စစ်ဘေးရှောင်ပြည်သူများကထံကသိရသည်။