
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ရက်
စစ်တွေမြို့ကို စစ်ကောင်စီက ခံစစ်အထူးပြင်ဆင်နေပြီး အကျဉ်းထောင်မှ အကျဉ်းသားရာနှင့်ချီ၍ ပြောင်းရွှေ့မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၈ရက်နေ့နှင့် ယမန်နေ့ အောက်တိုဘာ ၉ရက်မနက်အစောပိုင်းအချိန်တို့တွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၆၀၀ကျော်ကို နှစ်သုတ်ခွဲ၍ ရန်ကုန်နှင့် ဧရာဝတီတိုင်းအတွင်းရှိ ထောင်များသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
“ပထမအသုတ်ကို ည ၈နာရီကနေစရွှေ့တာ။ ည ၁၂နာရီကျော်တော့ ဒုတိယအသုတ်ခွဲပြီးထပ်ပို့တယ်ကြားပါတယ်။ မတရားအသင်းဆက်သွယ်နဲ့၊ အကြမ်းဖက်ပုဒ်မတွေနဲ့ အဆွဲခံရသူများပါတယ်။ ဗျိုင်းဖြူရွာသားတွေတင် ၂၀၀ ကျော်တယ်လို့ သိထားတယ်” ဟု စစ်တွေဒေသခံအမျိုးသားတစ်ဦးကပြောသည်။
မတရားဖမ်းဆီး အကျဉ်းချခံထားရသည့် အကျဉ်းသားများကို ကားများဖြင့် ကိုရီးယားဆိပ်ကမ်းသို့ ခေါ်ဆောင်လာပြီး ထိုမှတဆင့် သင်္ဘောများဖြင့် ရန်ကုန်နှင့်ဧရာဝတီတိုင်းအတွင်းရှိ ထောင်များသို့ ပို့ဆောင်ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းရှိ ပုသိမ်ထောင်၊ ရန်ကုန်ရှိ အင်းစိန်ထောင်နှင့် ပဲခူးရှိ သာယာဝတီထောင်များသို့ စစ်တွေထောင်အတွင်းမှ ပြောင်းရွှေ့ခံရသည့် အကျဉ်းသားများကို ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက စစ်တွေမြို့အတွင်း အထူးခံစစ်အနေဖြင့် လုံခြုံရေး ဂိတ်များနှင့် ကတုတ်ကျင်းများကို မြို့အနှံ့တည်ဆောက်ပြီးနောက် အကျဉ်းသားများကိုပါ နေရာပြောင်းရွှေ့လာခြင်းဖြစ်သည်။
ထို့အပြင် ဇွန်လအတွင်းကပြောင်းရွှေ့ခိုင်းခဲ့သည့် ကျေးရွာများထဲမှ ပလ္လင်ပြင်ရွာတွင် စစ်ကောင်စီကတပ်စွဲထားပြီး အောင်ဒိုင်ကျေးရွာ ငါးမွေးမြူရေးရုံး၊ ကျက်တောပြင်ရွာထိပ်ကားလမ်း၊ ရေချမ်းပြင် ရဲစခန်းဟောင်း၊ ဖောင်တော်အနီးနားနှင့် အုန်းရေပြင်ရွာ အဆောက်အဦး အမြင့်ပိုင်းများတွင် တပ်စွဲနေရာယူထားကြောင်း သိရသည်။
ရွှေပြည်သာရပ်ကွက်နှင့် ကျေးတောရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်စခန်း နှစ်ခုထက်မနည်း အခြေချထားသည့် ဆတ်ရိုးကျတံတားထိပ်နှင့် အမှတ် ၁၂တပ်ရင်း လမ်းတလျှောက်တွင် ရှိသောကြောင့် တပ်စခန်းများထပ်မံချရန်အတွက် ဒေသခံများကို ပြောင်းရွှေ့ခိုင်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လုံခြုံရေး ဂိတ်စခန်းများအပြင် ပါဒလိတ်ရွာမှ ဒကစရုံးချုပ်ထိ၊ ရေချမ်းပြင်ဆိပ်ကမ်းမှ ဗန္ဓုလလမ်းဆုံထိ၊ ရွှေမင်းဂံဆိပ်ကမ်းမှ ကျေးတောအထိ စသည့် မြို့အဝင်လမ်းများ တလျှောက်တွင်လည်း ကတုတ်ကျင်းများ တူးပြီး ခံတပ်အခိုင်အမာ ပြုလုပ်ထားကြောင်း သိရသည်။
#စစ်တွေ #အကျဉ်းထောင် #အကျဉ်းသား #၆၀၀ကျော် #ထောင်ပြောင်းရွှေ့ #စစ်ကောင်စီ #ခံစစ်ပြင် #Ayeyarwaddy_Times