
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများအပါအဝင် အကျဉ်းသား ၃၆၀ ကျော်ကို ရန်ကုန်နှင့် ဧရာဝတီတိုင်းအတွင်းရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့ ခဲ့ကြောင်း သိရသည်။
စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၃၆၆ယောက်ကို ယမန်နေ့ အောက်တိုဘာ ၈ရက်နေ့ ညပိုင်းက စစ်တွေ ကိုရီးယားဆိပ်ကမ်းသို့ ကားများဖြင့် ခေါ်ဆောင်သွားပြီး ထိုမှတစ်ဆင့် သင်္ဘောများဖြင့် ရန်ကုန်နှင့် ဧရာဝတီထောင်များသို့ ပို့ဆောင်ရန် ခေါ်ယူသွားကြောင်း သိရသည်။
“ည ၈နာရီလောက်ကနေ အစောင့်အရှောက်ကားတွေ၊ ဒရုန်းတွေနဲ့ဝဲပြီး အကျဉ်းသားတွေ ရွှေ့နေတာ။ စစ်တွေမှာလည်း စစ်ရေးက လှုပ်တုတ်တုတ်ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မှာစိုးလို့ လုံခြုံတဲ့နေရာ ပို့တယ်ထင်ပါတယ်။ အသွား အလာတွေပိတ်ဆို့ထားတော့ ဘယ်လိုလုပ်ထောင်ဝင်စာ သွားတွေ့ရမလဲ ခက်ပါတယ်ဗျာ” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြောင်းရွှေ့ခံရသူအများစုမှာ ဗျိုင်းဖြူကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်ပြီး မတရားပုဒ်မများဖြင့် အမိန့်ချ အကျဉ်းကျနေသူများ အများစုဖြစ်ပြီး DMG သတင်းထောက်နှင့်ရုံးဝန်ထမ်းတို့လည်း ပါဝင်ကြောင်း သိရသည်။
အဆိုပါ အကျဉ်းသားများကို အင်းစိန်ထောင်၊ သာယာဝတီထောင်နှင့် ဧရာဝတီတိုင်းရှိ ပုသိမ်ထောင် များကို ခွဲ၍ ပို့ဆောင်မည်ဟုလည်း သိရသည်။
စစ်ကောင်စီက စစ်တွေတွင် လုံခြုံရေးအထူး တင်းကျပ်ထားပြီး ညစဉ်အင်းအား ၁၀၀ခန့်ဖြင့် ကင်းလှည့်ကာ စစ်တွေမြို့ပေါ်သို့ အတင်းအကျပ် ပြောင်းရွှေ့ခံထားရသည့် ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်လျက်ရှိသည်။
#စစ်တွေ #နိုင်ငံရေးအကျဉ်းသား #စစ်ကောင်စီ #ထောင်ပြောင်းရွှေ့ #Ayeyarwaddy_Times