အေးစီ/ ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဩဂုတ်လ ၁၅ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၏ သုံးပုံနှစ်ပုံအား နယ်မြေစိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် – CNO နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF ကို ပြီခဲ့သည့်နှစ် ဧပြီလ ၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ အကြိမ်ရေ ၂၀၀ အထက် အတွေ့အကြုံရှိသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။

” CNOအနေနဲ့ ဖလမ်းမြို့ရဲ့ ၃ပုံ ၂ပုံနယ်မြေကို စိုးမိုးနိုင်ပါပြီ။ ဖလမ်းမြို့နယ်အတွင်းပစ်ခတ်မှုရှိလျှင် ဟားခါး PDF၊ထန်တလန် PDF၊ PDF-Zoland၊ MEDF၊ CDM-Siyin စတဲ့ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ပါတယ်။ ကလေးနယ်တဝိုက်မှာတော့ KKG-CDF, Kalay-PDF, RKDF,ကပစ စတဲ့ ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းဆောင်ရွက်လျှက်ရှိနေပါတယ်” ဟု ချင်းအမျိုးသားအဖွဲ့ချုပ် – CNO ၏ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

CNDF အနေဖြင့် လက်ရှိအချိန်ထိ လက်နက် လုံ‌လောက်မှူမရှိသေးပဲ လက်နက်အင်အားကွာခြားနေသေးကြောင်း လက်နက်ခဲယမ်းမှာ အဓိကလိုအပ်ချက်ဖြစ်သည့်အတွက် ပြည်တွင်၊ပြည်ပ အလှူရှင်များအနေဖြင့် ထောက်ပံ့လှူဒါန်းပေးကြရန် မေတ္တာရပ်ခံ တောင်းဆိုကြောင်း CNO/CNDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“စစ်ကောင်စီတပ်က နိုင်ငံတော်အစိုးရဲ့ အာဏာကို သိမ်းထားတာဆိုတော့အစိုးရတစ်ရပ်ရဲ့ ပိုင်ဆိုင်မှူတွေရှိထားတော့ လက်နက်အင်အား သာလွန်းပါတယ် ဆိုတော့ နိူင်းလို့မရဘူး‌လေ၊ လက်နက်ခဲယမ်းကလည်း အရေးကြီးဆုံဆိုတော့ ထောက်ပံ့လှူဒါန်းပေးကြဖို့လည်း တောင်းဆိုချင်ပါတယ်” ဟု CNDF ၏ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ဖလမ်းမြို့နယ်အတွင်း ချင်းအမျိုးသားအဖွဲ့ချုပ် CNO က စာသင်ကျောင်း ၁၀၀ကျော်နှင့် ခွဲစိတ်ကုသမှူဆေးရုံ၊ဆေးခန်းများ ဖွင့်လှစ်ပေးနိုင်ပြီဖြစ်ရာ ပညာရေး၊ ကျန်း‌မာရေးနှင် အုပ်ချုပ်ရေးများ ပြည်သူလူထုအတွက် ဖော်ဆောင်နိုင်ရန် ပြည်သူ့လူထု၏ အားပေးကူညီထောက်ပံ့မှု အလွန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ပညာရေး၊ကျန်းမာရေးနှင့် အုပ်ချုပ်ရေးများ ပြည်သူ့အတွက် ဆက်လက်ဖော်ဆောင်နိုင်ရန် ပညာရေးအတွက် ကျောင်းသုံးပစ္စည်းကိရိယာများ ဆရာ/မထောက်ပံ့ကြေးများ ကျန်းမားရေးအတွက် ဆေးဝါးများ နှင့် ‌ရဲဘော်တွေအတွက် ‌အခြေခံလိုအပ်ချက်များမျိုးစုံလှူဒါန်းပေးကြပါ” ဟု CNO ၏ ပြန်ကြားရေးတာဂန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖလမ်းမြို့နယ်အတွင်း ယခုသြဂုတ် ၂၀၂၂ခုနှစ် ၇ လအတွင်း စစ်ကောင်စီနှင့် CNDF ပူပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ၂၃၀ နီးပါးဖြစ်ပွာခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား ၉၃၂ ဦးခန့်သေဆုံးပြီး ၁၄၃ ဦးခန့် ဒဏ်ရာရခဲ့ကာ CNDF ပူးပေါင်းတပ်ဖွဲ့မှ ၅၄ ဦးခန့်ကျဆုံးပြီး ၁၆ ဦးခန့်ဒဏ်ရာရခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် – CNO ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ – CNO