အယိုက်လင်း/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ရုန်းတောင်ဗျူဟာကုန်းကို စစ်ကောင်စီက လေကြောင်းဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေကြောင်းဒေသခံများထံက သိရှိရသည်။

ယနေ့ အောက်တိုဘာ ၇ ရက်၊ မနက် ၁၀ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် Y12 အမျိုးစား လေယာဉ်တစ်စီးက လေထီးဖြင့် လက်နက်ခဲယမ်း အထုတ် ၂၀ခန့် ချပေးနေကြောင်း သိရှိရသည်။

“လေယာဥ်တစ်စီးနဲ့ ခြောက်ကြိမ်၊ ခုနှစ်ကြိမ်လောက်ရှိမယ်။ ရုန်းတောင်စခန်းကို လေထီးနဲ့ အထုတ်ချပေးသွားတယ်။ စစ်သားတွေ အထုတ်လိုက်ကောက်တာ တွေ့တယ်” ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရုန်းတောင်ဗျူဟာကုန်းသည် ဟားခါးမြို့တွင် စစ်ကောင်စီ၏ အကြီးဆုံး ဗျူဟာကုန်းဖြစ်ပြီး စစ်ရေးအတွက် အလွန်အရေးပါသည့ ဗျူဟာကုန်းလည်းဖြစ်သည်။

ထို့အပြင် ထန်တလန်မြို့ တိုက်ပွဲတွင် ဟားခါး ရုန်းတောင်ဗျူဟာကုန်းမှ လက်နက်ကြီးကျည် ပစ်ကူပေးနေ့သည့်အတွက် စစ်ကောင်စီက လက်နက်ခဲယမ်းများဖြည့်တင်းနေခြင်းဖြစ်သည်။

“ထန်တလန်တိုက်ပွဲမှာ ရုန်းတောင်ကနေ တောက်လျောက် လက်နက်ကြီးကျည် ပစ်ကူပေးနေတယ်။ အဲ့ဒီအတွက် ရုန်းတောင်ဗျူဟာကုန်း လက်နက်ခဲယမ်းတွေဖြည့်တာနေမယ်။ ရိက္ခာဖြည့်နေတာ မဟုတ်လောက်ဘူး” ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အောက်တိုဘာလ ၅ ရက်နေ့ ထန်တလန်မြို့တိုက်ပွဲတွင် ဟားခါး ရုန်းတောင်ဗျူဟာကုန်းမှ လက်နက်ကြီးကျည် အဆက်မပြတ် တစ်နေကုန်ပစ်ကူပေးလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်တွင် ကုန်လမ်းဖြင့် လက်နက်ခဲယမ်းများ မဖြည့်တင်းနိုင်သည့်အတွက် Y12 လေယာဉ်ကို အသုံးပြုပြီး လေကြောင်းဖြင့် ဖြည့်တင်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

#ဟားခါးမြို့ #ရုန်းတောင်ဗျူဟာကုန်း #စစ်ကောင်စီ #လေကြောင်းဖြင့် #ခဲယမ်း #ဖြည့်တင်း #Ayeyarwaddy_Times