ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ရက်

ကချင်အထူးဒေသ(၁) ၊ ချီဖွေ- ပန်ဝါလမ်းရှိ စစ်ကောင်စီနှင့်ပြည်သူ့စစ်များတပ်စွဲထားသည့် ကာကင်း စခန်းများနှင့် စခန်းငယ်အချို့ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က သိမ်းယူလိုက်ကြောင်း သိရသည်။

ချီဖွေ-ပန်ဝါ အသွားလမ်းပေါ်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်များ၏ ကာကင်းစခန်းငယ်များနှင့် စခန်းငယ်အချို့ကို ယမန်နေ့ အောက်တိုဘာ ၅ ရက်နေ့တွင် KIA က တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပန်ဝါကိုတော့ ဦးတည်လာပြီ။ လမ်းပေါ်ရှိတဲ့ ကာကင်းနဲ့ စခန်းငယ်တချို့ကို မနေ့ကနဲ့ ဒီနေ့မနက်မှာ KIA က ဝင်သိမ်းတယ်လို့ ကြားရတယ်။ ပြည်သူ့စစ် တွေက ပန်ဝါထဲကို သွားပူးပေါင်းတယ်”ဟု ကချင်စစ် ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့က ပန်ဝါလမ်းပေါ်ရှိ လမ်းဂျော်စစ်ကောင်စီယာယီစခန်းကို KIA က သိမ်းယူခဲ့ရာ လက်နက်ခဲယမ်းအများ အပြားနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုပါ ဖမ်းဆီးရမိခဲ့ပြီး အောက်တိုဘာ ၃ ရက်နေ့တွင် ၁၁ မိုင် BGF စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

KIA သည် ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် ကချင်အထူးဒေသ (၁) ရှိ ချီဖွေနှင့် ဆော့လော်မြို့တို့ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သိမ်းပိုက်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း ပန်ဝါမြို့ဘက်သို့ ဦးတည်၍ တိုက်ခိုက်ရေးများ ဖော်ဆောင်ခဲ့ရာ ကာကင်းနှင့်စခန်းငယ်အချို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

သိမ်းပိုက်ရရှိခဲ့သည့် တပ်စခန်းများအတွင်းမှ စစ် ကောင်စီတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်များသည် ပန်ဝါမြို့ အတွင်းရှိ ပြည်သူ့စစ်စခန်းများဆီသို့ သွားရောက်ပူး ပေါင်းနေကြောင်း သိရသည်။

KIA ၏ စစ်ဆင်ရေးများအတွင်း ကချင်ပြည်နယ်မှ စစ်ကောင်စီ၏တပ်စခန်း ၂၂၀ ကျော်အပါအဝင် ဆွမ် ဘရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ဆင်ဘို၊ မြို့လှ၊ ဒေါ့ဖုန်းယာန်၊ မိုးမောက်၊ လွယ်ဂျယ်၊ ရှမ်းမြောက်မှမဘိမ်းတို့ အပါအဝင် ချီဖွေနှင့် ဆော့လော် မြို့များကိုပါ သိမ်းပိုက်ထားနိုင်ခဲ့သည်။

#ကချင် #ချီဖွေ #ပန်ဝါ #စစ်ကောင်စီတပ်စခန်း #KIAသိမ်းပိုက် #Ayeyarwaddy_Times