
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
မုန်သုံဆုတ်ခွာချိန်ကာလတွင် လေနွေးနှင့်လေအေးများတွေ့ဆုံမှု အပူပျံတက်တိမ်ဖြစ်ထွန်းမှု အားကောင်းနေသဖြင့် မိုးကြိုးမုန်တိုင်းသတိပြုရန်လိုအပ်ပြီး တိုက်ဖွန်းမုန်တိုင်း ကရတ်သွန်မှ ဖြတ်ထွက် လာသော တိမ်တိုက်များကြောင့် မြန်မာနိုင်ငံတွင် မိုးပိုနေမည်ဖြစ်ကြောင်းသိရသည်။
အပူပျံတက်မှုဖြစ်စဉ်ကြောင့် မိုးကြိုးမုန်တိုင်းဖြစ်ပေါ်ကာ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း စစ်ကောင်စီ၏မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)ထံက သိရသည်။
ထို့ပြင် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော တိုက်ဖွန်းကရတ်သွန်တိမ်တိုက်များကြောင့် လာမည့် ၂ ရက်အတွင်း စစ် ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နေရာစိပ်စိပ် မိုးရွာနိုင်ပြီး ကျန်တိုင်းနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်း ရွာကာ နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။
ယင်းပြင် စစ်ကိုင်တိုင်း( အောက်ပိုင်း)နှင့် မန္တလေးတိုင်းတို့တွင် မိုးကြီးမည်ဖြစ်ပြီး မိုးရေချိန် ၁ ဒသမ ၅ လက်မနှင့် အထက်ရွာသွန်းနိုင်ကြောင်း သိရသည်။
“ အခုတိုက်ဖွန်းမုန်တိုင်း KRATHON (20W) တစ်လုံးပြီးရင်တော့ ဘင်္ဂလားပင်လယ်အောက်ဘက်က ထူးခြားမိုးလေဝသအခြေ အနေမရှိတော့ရင်ဘူးဆိုရင် အောက်တိုဘာ ၆ မှ ၇ ရက်လောက်ကစပြီး မြန်မာနိုင်ငံအပေါ်မိုးများနိုင်တဲ့အခြေအနေသက်ရောက်မှုတွေပြီးဆုံးတော့မယ်” ဟု မိုးလေဝသနှင့် ဇလဗေဒပညာရပ်ကိုလေ့လာနေသူ အရပ်ဘက်ပညာရှင် ဦးဝင်းနိုင် က ဆိုသည်။
လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၍ လေဖိအားနည်းရပ်ဝန်း (low Pressure Area ) တစ်ခုဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ၏ ယနေ့ အောက်တိုဘာ ၂ ရက်နေ့ တိုင်းတာခန့်မှန်းချက်အရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မိုးကြိုးမုန်တိုင်း #အပူပျံတက်တိမ် #တိုင်ဖွန်းမုန်တိုင်း #ကရတ်သွန် #မိုးပိုနေမည် #Ayeyarwaddy_Times