
မြရာ/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဆင်မင်းဘိလပ်မြေစက်ရုံမှ ဒုစက်ရုံမှူးဖြစ်သူသည် တောင်ကျ ချောင်းရေကျနေချိန် ကားဖြတ်မောင်းရာ ရေစီးနှင့်မျောပါသေဆုံးသွား၍ ၎င်း၏ရုပ်အလောင်းကို စစ်ကောင်စီက စက်ယန္တရားများပါသုံး၍ အပြင်းအထန် ရှာဖွေခဲ့ကြောင်း သိရသည်။
ဆင်မင်းဘိလပ်မြေစက်ရုံမှူး ဒုဗိုလ်မှူးကြီးညီဇော်မောင်းလာသည့် ပရိုဘောက်ကားသည် ယမန်နေ့ အောက်တိုဘာ ၁ ရက် ည ၇ နာရီ၃၀ မိနစ်ခန့်က ဖျောက်ဆိပ်ပင်ကျေးရွာ ဆင်မင်းဘိလပ်မြေစက်ရုံအနီး (ကျောက်ဆည်ဘက်သို့အလာ) တောင်ကျချောင်းရေ ရေကျော်နေချိန်တွင် ဖြတ်မောင်းသဖြင့် ရေစီးနှင့်အတူ မျောပါသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရာရှိအဆင့်ထဲကဖြစ်လို့ ညကတည်းက အင်အား သုံးရှာနေတာ။ မြေပြိုလို့ ရွာလုံးကျွတ် မြေကြီးအောက်ရောက်သွားသူတွေကို အချိန်မီမပြောနဲ့ အခုအချိန်လွန်တဲ့ထိအောင် ကယ်ဆယ် တာလည်းမလုပ်ဘူး။ သင်္ဂြိုဟ်ဖို့တောင် ပြန်ဖော်ဖို့ဘာအစီအစဉ်မှမရှိဘူး။ အဲဒီရမည်းသင်းဘက်ကို သွားကူတဲ့လူတွေပြောပြချက်အရ အလောင်းတွေက နစ်တစ်ဝက် ပေါ်တစ်ဝက်နဲ့ ကျီးတွေထိုးနေတာ။ အနီးကရွာတွေတောင် မနေနိုင်ဘူးပြောတယ်။ အခုထိလည်း ကယ်ဆယ်ရေးမရှိသေးဘူး” ဟု မန္တလေး မြို့နေဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ သေဆုံးသွားသည့် စက်ရုံမှူး၏ ကားနှင့်ရုပ် အလောင်းကို မန္တလေးတိုင်း နယ်မြေခံမီးသတ်တပ်ဖွဲ့ နှင့်အတူ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းရုံး၊ ကျောက်ဆည်မြို့နယ်ရုံး၊ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များ၊ စက်ရုံဝန်ထမ်းများမှ ပူးပေါင်းရှာဖွေခဲ့ ကြကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် သေဆုံးသွားသည့် စက်ရုံးမှူးဒုဗိုလ်မှူးကြီး၏ ရုပ်အလောင်း နှင့်ကားကို အခင်းဖြစ်ပွားသည့် နေရာနှင့် ၁ မိုင်ကျော်ခန့်တွင် ပြန်လည်ဆယ်ယူ ရရှိခဲ့ကြောင်း နယ်မြေခံလူမှုကယ်ဆယ်ရေးအဖွဲ့များထံက သိရသည်။
သေဆုံးသူ ဒုဗိုလ်မှူးကြီး ညီဇော်သည် ဆင်မင်းစက်ရုံ အမှတ် ၂ စက်ရုံမှူးဖြစ်ပြီး OTS အပတ်စဉ် ၇၉ ကျောင်းဆင်းဖြစ်ကြောင်း သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်ပိုင်း OTS ကျောင်းဆင်းအရာရှိအများစုကို စစ်ကောင်စီတပ်ပိုင် စက်ရုံ အလုပ်ရုံများတွင် ရွှေ့ပြောင်းတာဝန်ချ ထားခဲ့ပြီး ဆင်မင်းဘိလပ်မြေစက်ရုံသည် မြန်မာစီးပွားရေးဦးပိုင်လီမိတက် နှင့် Gold Cement ကုမ္ပဏီတို့က ၂၀၁၄ ခုနှစ်တွင် အကျိုးတူပူးပေါင်းထားခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ဒုဗိုလ်မှူးကြီးဖြစ်သည့်အပြင် စက်ရုံမှူးလည်းဖြစ်သည့်အတွက် မျောပါသွားသည်ကို သိသိချင်း မန္တလေးတိုင်း အတွင်းမှ စစ်ကောင်စီလက်အောက်ခံ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများ အပြင် အရေးပေါ်ကယ်ဆယ်သည့် အခြားအဖွဲ့များကပါ စက်ယန္တရားများပါ အသုံးပြု၍ ရှာဖွေ ကယ်ဆယ် ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ နေ ပြည်တော်ရေကြီးမှုဖြစ်စဉ်တွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) မှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များပါမျောပါသွားသည့် ဖြစ်ရပ်တွင် မိသားစုဝင်နှင့်လက်အောက် ငယ်သားများကို ရှာထွေကယ်တင်ရမည့်အစား လက်နက်ခဲယမ်း များကိုသာ ဦးစားပေးရှာဖွေခိုင်းခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ကယ်ဆယ်ရေးအဖွဲ့များသည် ရေနစ်မြုပ်မှုဖြစ်သည့် တစ်ပတ် အတွင်း မည်သည့်ကူညီမှုများမှ ဒေသခံများကို မပေးခဲ့သည့်အတွက် လူဦးရေရာနှင့်ချီ သေဆုံးမှု များဖြစ်ပေါ် ခဲ့သည်။
စစ်ခေါင်းဆောင် လုံခြုံရေးအတွက် တာဝန်ယူထားသည့် ရဲဝန်ထမ်းများနှင့် စစ်တပ်မှတပ်သားအဆင့် ဖြစ်သူများ လုံခြုံရေးယူရင်း တောင်ကျချောင်းရေနှင့်မျောပါသေဆုံးသည့် ဖြစ်စဉ်တွင်လည်း အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ပြန်လည်ကြားသိရသည်။
ပုံစာ-ကျောက်ဆည်တွင် တောင်ကျချောင်းရေထဲကားနှင့်အတူ မျောပါသွားသည့် ဆင်မင်း ဘိလပ်မြေစက်ရုံမှ စက်ရုံမှူးဖြစ်သူ ဒုဗိုလ်မှူးကြီးအား ဝိုင်းဝန်းရှာဖွေစဉ်
#မန္တလေး #ကျောက်ဆည် #တောင်ကျချောင်းရေ #မျောပါ #ဒုဗိုလ်မှူးကြီးညီဇော် #သေဆုံး #Ayeyarwaddy_Times