မြရာ၊နိုရာ/ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်

“သွားပြီ…ခင်မာဝေ…ရေ”
မျက်စိရှေ့‌မှာ အသက်ဘေးကြုံနေရတာကို သိပါလျက်နဲ့ မကူနိုင်မကယ်နိုင်ဘဲ လက်လွှတ်လိုက်ရလို့ ရင်ထဲက မချိခံစား နာကျင်သံကြီးနဲ့ ခင်‌မာဝေရေ… လို့ မြည်တမ်းသံကြီးဟာ အနိဋ္ဌာရုံနဲ့ ရင်းနှီးပြီးဖြစ်တဲ့ သူတွေတောင် နာကျင်မျက်ရည်စို့စေပါတယ်။

မြည်တမ်းသံကြီးနဲ့အတူ ခိုင်မာတဲ့ နေအိမ်တလုံးဟာ အရုပ်ကလေးတွေ မြောင်းထဲမျှောခံရသလို ရေစီးနဲ့ ရုတ်တရက် မျောပါသွားတဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန် ရက်စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။

အဲဒီရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက် နေ ပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ အနော်ရထာရပ်ကွက် နယ်မြေ ၁၃ မှာ ရေကြီးနစ်မြုပ်မှုဖြစ် ပွားစဉ်မှာပေါ်ထွက်လာတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နယ်မြေနဲ့ အနီးတဝိုက်မှာ စက်တင်ဘာ ၉ ရက်နေ့ကစပြီး ရေကြီးနစ် မြုပ်တာတွေဖြစ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးမရောက် သေးခင် ရေဘေးခံစားနေရတဲ့ ပြည်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ကယ်ဆယ်တာတွေ မလုပ်နိုင်ဘဲ ရေစီးနဲ့မျောပါ နစ်မြုပ်သွားတာတွေကို မချိတင်ကဲနဲ့ ဒီအတိုင်းသာ ကြည့်နေခဲ့ရပါတယ်။

ခင်မာဝေရေလို့ မြည်တမ်းခံရတဲ့ အသက် ၅၇ နှစ် အရွယ် ဒေါ်ခင်မာဝေနဲ့ အသက် ၁၄ နှစ်အရွယ် သမီး ဖြစ်သူတို့ဟာ ရေစီးကြောင်းအတွင်း အိမ်နဲ့အတူမျောပါသွားပြီး ရေကျချိန်မှာ ဒေါ်ခင်မာဝေရဲ့ အလောင်းကို ကုက္ကိုလ်ပင်ကြားမှာ ညပ်ပြီးသေဆုံးနေတာကို တွေ့ရ တယ်လို့ သိရပါတယ်။

နေပြည်တော်နယ်မြေအတွင်းမှာ ဒေါ်ခင်မာဝေတို့လို ကူညီကယ်ဆယ်သူမရှိလို့ ရေစီးနဲ့မျောပါ ရေနစ်မြုပ်ပြီး သေဆုံးခဲ့ရသူ ရာချီရှိခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်က စတင်ရေကြီးနစ်မြုပ်ချိန်မှာ ဒေသခံအချို့ဟာ ရေစီးလွတ်ရာကို ထွက်မပြေး နိုင်တော့ဘဲ အိမ်ရဲ့အမြင့်ပိုင်းတွေမှာ တက်ရောက်နေရာယူရင်းက အိမ်ခေါင်မိုးတွေပေါ် ညလုံးပေါက် မိုးရေထဲ လာရောက်ကူညီကယ်ဆယ်မယ့် သူတွေကို စောင့်မျှော်ခဲ့တဲ့ လူထောင်ချီရှိခဲ့ပါတယ်။

ရေသွင်သွင်စီးနေတဲ့ ပင်လယ်ပြင်လို တမဟုတ်ချင်းဖြစ်သွားတဲ့ ရွာကြီးထဲမှာ နွားလှည်းအိမ်ပေါ် ခိုကပ်နေတဲ့ မိသားစုတွေဟာ လာရောက်ကယ်ဆယ်တဲ့ ပရဟိတအဖွဲ့တွေက သူတို့ကိုလည်း ကယ်ဆယ်နိုင်ကောင်းရဲ့ဆိုပြီး လှမ်းမျှော် ကြည့်နေတဲ့ လူတစ်စုရဲ့ ရုပ်သံဖိုင်ဟာလည်း ရေဘေးနဲ့အတူ ယခုဖြစ်ပျက်နေတဲ့ စစ်ဘေးအကြား မျှော်လင့်ချက်များစွာနဲ့ စောင့်စားနေတဲ့ မြန်မာပြည်သူတွေရဲ့ အရှိတရားကို ထုတ်ဖော်ပြလိုက်သလိုပါပဲ။

တစ်နှစ်ကျော်အရွယ် သမီးဖြစ်သူကို ကယ်ဆယ်ဖို့အတွက် ဒိုက်ပုံနဲ့နုန်းနှစ်တွေကြားမှာ ပိတ်မိပြီးသေဆုံး ချိန်မှာတောင် သမီးဖြစ်သူကို မ,ထားတဲ့လက်နှစ်ဖက်မချဘဲ အသက်ဆုံးလျက် တွေ့ရှိခဲ့ရတဲ့ ဖခင်တစ်ယောက်ရဲ့ သေဆုံးမှုဖြစ်စဉ်ဟာလည်း ပြန်သိရသူ တွေအတွက် ရင်ထုမနာဖြစ်စေခဲ့ပါတယ်။

နေပြည်တော်၊ ရမည်းသင်း၊ သပြေပင်ကျေးရွာ ရေကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့တဲ့အချိန်မှာ တစ်နှစ်ကျော် အရွယ်သမီးလေးရဲ့ မိခင်ဟာ ရေစီးနဲ့အတူမျောပါသေဆုံးသွားပြီး ဖခင်ကတော့ သမီးဖြစ်သူကို လက်မြောက်ချီမ,ကာ ဒိုက်ပုံတွေ နုန်းနှစ်တွေနဲ့ ငြိကာရေနစ်သေဆုံးခဲ့တာပဲဖြစ်ပါတယ်။

သပြေပင်ကျေးရွာ ရေနစ်မြုပ်မြေပြိုမှုကြောင့် လူသေဆုံးမှုဟာ ရာချီရှိနိုင်တယ်လို့ ကူညီကယ်ဆယ် ရေးအဖွဲ့တွေနဲ့ ဒေသခံတွေဆီကတဆင့် ပြန်သိရပါတယ်။

စစ်ကောင်စီကတော့ ရေဘေးမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ ၄၁၉ ဦးရှိပြီး ရေဘေးသင့်သူ တစ်သိန်းလေးသောင်း(၁၄၀၀၀၀)ကျော် ရှိတယ်လို့ အတိ အလင်းထုတ်ပြန်ထားပါတယ်။

တောင်တရုတ်ပင်လယ်မှာ အစပြုခဲ့တဲ့ ရာဂီတိုင်ဖွန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ရှမ်းရှေ့၊ ‌ရှမ်းတောင်နဲ့ ကရင်နီပြည်နယ်တွေပါ ရုတ်တရက်ရေကြီးပြီး တောင်ကျချောင်းရေထိုးဆင်းကာ မြေပြိုတာတွေ ဖြစ်ခဲ့တာကြောင့် လူဦးရေ ခြောက်သိန်းကျော် ရေဘေးသင့်ခဲ့ရပြီး လူရာချီ သေဆုံးခဲ့ကာ ရာဂီမုန်တိုင်းရဲ့အရှိန်ကြောင့် လူသေဆုံးမှုအခြေအနေ ဒုတိယနေရမှာ ရှိနေခဲ့ပါတယ်။

မုန်တိုင်းဝင်ရောက်မယ်၊ ရေကြီးမယ်၊ ဆည်ကျိုးမယ်၊ မြေပြိုမယ်၊ တောင်ချချောင်းရေထိုးဆင်းမယ်စတဲ့ သဘာဝဘေး အန္တရာယ်ရဲ့ နောက်ဆက်တွဲရိုက်ခတ်မှုကို တောင်တရုတ်ပင်လယ်မှာ မုန်တိုင်း စကတည်းက စစ်ကောင်စီက ဒီအခြေအနေတွေဖြစ်နိုင်ကြောင်းကို ကြိုတင်မှန်းဆနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဟာ ပြည်သူတွေ ရေဘေးသင့်မယ့် အန္တရာယ်ကနေ ကာကွယ်ဖို့ထက် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နယ်မြေ တွေက ပြည်သူတွေကို အကြမ်းဖက်လို့ သတ်မှတ်ပြီး ဗုံးကြဲတိုက်ခိုက်ဖို့သာ အားသန်နေခဲ့ပါတယ်။

စစ်ခေါင်းဆောင်ဟာ ရေစတင်ကြီးတဲ့ စက်တင်ဘာ ၉ ရက်နေ့ကနေ ပြည်သူတွေ အကူအညီ အသည်းအသန်လိုအပ်နေတဲ့ စက်တင်ဘာ ၁၃ ရက်နေ့အထိ သူနာမည်ပေးထားတဲ့ “ရန်နိုင်မင်း စစ်ဆင်ရေး” ကိုသာ အကောင်အထည်ဖော်လိုနေပြီး လေကြောင်းကနေ သီပေါ၊ နောင်‌ချို၊ မောင်တော၊ ပေါက်တောစတဲ့ ဒေသတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ ၃ရက်အတွင်းကို လူရာ ချီသေဆုံးခဲ့ပါတယ်။

ပြည်သူလူထုရဲ့ ဝေဖန်မှု ငိုကြွေးမှုတွေကို မသိကျိုးကျွန်ပြုကာ ဆက်လက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီဟာ စက်တင်ဘာ ၉ ရက်နေ့က AA ထိန်းချုပ်ထားတဲ့ မောင်တောမြို့ လေးမိုင် အခြေစိုက်စခန်း နခခ-၂ ကို ထပ်မံဗုံးကြဲခဲ့ရာမှာ မှားယွင်းကြဲချမိ၍ စစ်ကောင်စီသုံ့ပန်း ၁၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။

ဒါကြောင့် တပ်အတွင်း ဆူပူမှုတွေဖြစ်ပေါ်ခဲ့ပြီး စစ်ခေါင်းဆောင်ဟာ စက်တင်ဘာ ၁၄ ရက်နေ့ ရေကျချိန်မှာတော့ စစ်ရုံးရှေ့က ရေကြီးမှုအခြေအနေကို ထွက်ကြည့်လာပါတယ်။

အဲ့ဒီလိုထွက်ကြည့်ခဲ့ပြီးနောက် သူ့လက်အောက်ခံတွေ ဆက်တိုက်လုပ်ဆောင်လာတာကတော့ ရေဘေးကယ်ဆယ် ကူညီ‌သူတွေကို နယ်မြေကန့်သတ်လိုက်မှုတွေပဲ ဖြစ်ပါတယ်။

ပရဟိတအဖွဲ့အစည်း မှတ်ပုံတင်ထားမှုမရှိရင် ရေဘေးသွားရောက်ကူညီကယ်ဆယ်ခွင့်မရှိဘူးလို့ တားမြစ်လိုက်တဲ့အပြင် စစ်ရေးပြင်းထန်နေတဲ့ စစ်တောင်းမြစ်အရှေ့ခြမ်းက ပြည်သူတွေကို သွားရောက် ကူညီခွင့်ပါ ပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရေဘေးသင့်ပြည်သူတွေထဲက သေဆုံးသွားသူ တွေကို တစ်ဦးလျှင် ၈ သိန်းကျပ်စီ အသက်လျော် ကြေးပေးသွားမယ်လို့လည်း ထုတ်ပြောထားပေမယ့် ရေဘေးအတွက် ပြည်တွင်းရှိ လုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာထံက အလှူငွေတွေ ကောက်ခံခဲ့ရာမှာ ရရှိခဲ့တဲ့ငွေကြေးထဲက ငွေကျပ် ဘီလီယံ ၃၀ ခန့်ကို ပြန်လည်ထူထောင်ရေးအတွက် သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

အဲဒီလို ပြောဆိုခဲ့ပေမယ့် စစ်ခေါင်းဆောင်ရဲ့ လက်အောက်ခံ အုပ်ချုပ်သူတွေကတော့ ရေဘေး လာရောက်ကူညီတဲ့ ပရဟိတအဖွဲ့တွေဆီကနေ သိန်းရာချီတန်တဲ့ အလှူခံပစ္စည်းတွေကို သိမ်းယူပြီး ပြည်သူတွေကို ထမီစုတ်နဲ့ ငပိထောင်းတစ်ဘူးသာ ပြန်လည်ပေးဝေတဲ့လုပ်ရပ်တွေကို လုပ်လာတယ်လို့ ဒေသခံတွေဆီကနေ ပြန်လည်ကြားသိရပါတယ်။

ယခုလက်ရှိမှာလည်း ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီနဲ့ ၎င်းလက်အောက်ခံ လူကယ် ပြန်ဝန်ကြီးဌာနစတဲ့ ကူညီကယ်ဆယ်ရေးအတွက် သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေက ရေဘေးအတွင်း ဆိုးဆိုးရွားရွား ပျက်စီးဆုံးရှုံးမှု ကြုံခဲ့ရသူတွေကို ထိရောက်တဲ့ အကူအညီ တစ်စုံတစ်ရာ ပေးအပ်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

လူရာချီ သေဆုံးတဲ့ဖြစ်စဉ်မှာ မုန်တိုင်းသတိပေးအခြေအနေတွေက နေ့စဉ်နဲ့အမျှ မိုးလေဝသပညာရှင် ဖြစ်သူတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ သတိပေးဖြန့်ဝေခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ မုန်တိုင်းနဲ့ပတ်သက်လို့ အရေးတယူလုပ်ခဲ့တာမရှိပါဘူး။

ရေဘေးဖြစ်နေတဲ့ နေ့ရက်တွေမှာတောင် “အကြမ်း ဖက်နဲ့ပေါင်းရင် အကြမ်းဖက်ပဲ။ လက်နက်ကိုင် တွေသိမ်းထားတဲ့ လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေမှာ ဗုံး ကြဲတိုက်ခိုက်သွားမယ်။ ပြည်သူတွေ သတိထားနေထိုင်ကြ” ဆိုတဲ့ ခြိမ်းခြောက်စကားကိုသာ စစ်ကောင်စီအာဘော် သတင်းစာမှာ နေ့စဉ်ဖော်ပြခဲ့ပါတယ်။

စစ်ခေါင်းဆောင်ဟာ အဲ့ဒီလိုအခြေအနေဆိုးတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေမှာပြုလုပ်တဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာအစည်းအဝေးမှာ ရေဘေးဟာ ဒီလောက်အထိ ဆိုးရွားမယ်လို့ သူမထင်ထားဘူးဆိုတဲ့ လက်လွတ်စပယ်စကားကိုသာ ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်ဟာ သူရုံးစိုက်ရာနယ်မြေထဲမှာ အသက်ဘေးအတွက် အကူအညီလိုအပ်ခဲ့တဲ့ လူသိန်းချီကို မကယ်တင်ခဲ့ပါဘူး။ သူစိတ်ဝင်စားတာက တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိခိုလှုံနေတဲ့ပြည်သူတွေကို သူစီစဉ်လုပ်ကိုင်နေတဲ့ ရန်နိုင်မင်း စစ်ဆင်ရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအကြောင်း ပြသချင်ခဲ့တာပါ။

အခုကြုံလိုက်ရတဲ့ ရေဘေးမှာ စစ်ခေါင်းဆောင်ရဲ့ ရက်စက်အနိုင်ကျင့်မှု၊ ပြည်သူတွေအပေါ်ထားတဲ့ သဘောထား ရေဘေးဖြစ်နေစဉ်မှာတောင် အောက် လက်ငယ်သားတွေအပေါ် ထားရှိတဲ့ သူ့စိတ်အခြေအနေတွေကို လက်တွေ့ မြင်လိုက်ရတာပဲဖြစ်ပါတယ်။

ရေကြီးနစ်မြုပ်မှုမဖြစ်ပေါ်တဲ့ နေပြည်တော်က စစ်ရုံးရှေ့ကို စစ်ဆေးရေး ထွက်ဖို့လုပ်ဆောင်ချိန် မှာတောင် ရေတွေဝါးလုံးထိုးစီးဆင်းနေတဲ့ နေရာတွေမှာ စစ် ကောင်စီတပ်သားတွေနဲ့ ရဲဝန်ထမ်းတွေကို လုံခြုံရေးယူခိုင်းခဲ့တာကြောင့် ရေစီးနဲ့မျောပါသွားသူ တပ်ဖွဲ့ဝင် ၂၀ ကျော်ရှိခဲ့တယ်လို့ ပြန်လည်ကြားသိရပါတယ်။

အခုထိလည်း ရေဘေးပြန်လည်ထူထောင်ရေး အတွက် စီစဉ်ဆောင်ရွက်မှု ပြည်သူတွေကို ပြန်လည် ထူထောင်ရေးမှာ နာလန်ထူအောင် ဘယ်လိုတွေကူညီမယ်ဆိုတာမျိုးကို သိသာစေတဲ့ စီမံချက်တွေ ချမှတ်ထားခြင်း မရှိသေးပါဘူး။

စစ်ခေါင်းဆောင်ဟာ စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ်တွေနဲ့ ကပ်ရောဂါ ဘေးတွေကြောင့် စုန်းစုန်း မြုပ်နေတဲ့ ပြည်သူတွေဆီကနေ ရသမျှခြစ်ခြုပ်ယူဖို့ ပြည်သူမှာပြည်သူပဲရှိတယ်ဆိုပြီး အလှူခံမှုတွေ ပြုလုပ်ဖို့ ပြောထုတ်လာပါတယ်။ နိုင်ငံတကာဆီကလည်း ရေဘေးအတွက် မကူအညီတွေ တောင်းခံသွားမယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုဟာ စစ်ခေါင်းဆောင်ရဲ့ လက်အောက်မှာ တချို့သော ပြည်သူတွေဟာ ခင်မာဝေတွေ ဖြစ်ခဲ့ကြပြီး တချို့ပြည်သူတွေကတော့ ခင်မာဝေ ရေ… လို့ပဲ နာကျည်းမြည်တမ်းနိုင်တဲ့ အခြေအနေကို ရောက်နေခဲ့တာပါ။

ကိုယ့်ရှေ့မှာ စက်သေနတ်နဲ့မွေ့ခံရတာ၊ မပေါက်ကွဲသေးတဲ့ ဗုံးသီးကိုကိုင်ရင်း လက်နဲ့ဦးခေါင်းတွေ ဖွာထွက်သွားတာ၊ သွေးထွက်လွန်နေတဲ့ သူငယ်ချင်းကို ကယ်ဖို့ အရူးမီးဝိုင်းဖြစ်ခဲ့ရတာ၊ ပိတ်မိနေတဲ့ ကလေးတွေကိုကယ်ဖို့ ရေနွေးပူတစ်စက်ဟာ အလုပ်ဖြစ်ကောင်းရဲ့လို့ဆိုပြီး အသုံးချခဲ့လို့ မျက်နှာတွေ ဖူးယောင်အောင် အရိုက်ခံရတဲ့ ဖြစ်စဉ်တွေဟာ အာဏာသိမ်းပြီးစကတည်းက ပြည်သူတွေမြင်ကွင်းထဲ မြင်ခဲ့ရတဲ့ မချိတင်ကဲဖြစ်စရာ ဖြစ်ရပ်တွေပါပဲ။

တစ်ယောက်ကိုတစ်ယောက်ကူဖို့ မဝံ့မရဲဖြစ်အောင် ကြောက်လန့်တုန်လှုပ်အောင် မတရားအသင်း ဆက်သွယ်အကြမ်းဖက်မှုဥပဒေစတဲ့ သေဒဏ်သင့်နိုင်တဲ့ ပုဒ်မကြီးတွေတပ်ပြီး တရွာလုံးမီးလောင် ပြာကျခဲ့ရတဲ့ ပြည်သူတွေကို နောက်ပြည်သူတွေ မကူရဲ မကယ်ရဲအောင် စစ်ခေါင်းဆောင်က အမျိုးမျိုး နှိပ်ကွပ်ခဲ့ပါတယ်။

ရေဘေးမှာတော့ ပြည်သူတွေဟာ စစ်ခေါင်းဆောင်ရဲ့ ပုဒ်မတွေကနေ လွတ်ကင်းနေတဲ့အတွက် သူတို့ရဲ့ ချွေးနည်းစာပါမကျန် အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို အင်တိုက်အားတိုက် စောင့်ရှောက်ကူညီဖို့ အားထုတ်ခဲ့တာ တွေ့ရပါတယ်။

ဒါတောင် Kpay နဲ့ ငွေလှူဒါန်းမှုလုပ်ရာမှာလည်း ငွေလွှဲတဲ့အကြောင်းအရာကို ရေးရာမှာ ရေဘေးအလှူ လို့ရေးမိရင် ငွေကြေးခဝါချမှုနဲ့ ဘဏ်အကောင့်ပိတ်ခံ ရတဲ့အဖြစ်တွေဟာ ပြည်သူလူထုအတွက်တော့ နားမလည်နိုင်စရာပါပဲ။

စစ်ကောင်စီဟာ ပြည်သူရဲ့ အနာဂတ်ကို ရိုက်ချိုး ဖိနှိပ်ထားပြီး ကိုယ်ရွေးချယ်တဲ့အနာဂတ်၊ ကိုယ့်မျှော် လင့်ချက်၊ ကိုယ်သွားရမယ့် ရည်မှန်းချက် လမ်းကြောင်းတွေကို ဘာတစ်ခုမှ အကောင်အထည်ဖော် မရအောင်လုပ်နေဆောင်နေတာပဲ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ သွားပြီ..ခင်မာဝေ…ရေ လို့ မချိတင်ကဲ ရေရွတ်ရတဲ့ အခြေအနေကနေ ရုန်းထနိုင်ဖို့ ကြိုးစားနေတဲ့ ပြည်သူတွေအားလုံး စစ်အာဏာရှင်လက်အောက်က လွန်မြောက်ဖို့ ထိုက်တန်နေပြီပဲ ဖြစ်ပါတယ်။

#ခင်မာဝေရေ #သတင်းဆောင်းပါး #Ayeyarwaddy_Times