ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၂ဦးသေဆုံးပြီး ၁၀ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ စက်တင်ဘာ ၂၅ရက်နေ့ ညနေ ၄နာရီခန့်တွင် ကမ်းထောင်းကြီးမြို့ကို ဂျက်ဖိုက်တာဖြင့် ၂ကြိမ်ဗုံးလာရောက်ကြဲချခဲ့ရာ လူထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကမ်းထောင်းကြီးရှိ မြောက်ပိုင်းဘုန်းတော်ကြီးကျောင်း၊ အုတ်ကျောင်းနှင့် ဓမ္မာရုံပေါ်သို့ လေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတွင် ဥပုသ်သီလလာရောက်ယူကြသည့် ဒေသခံများ အစုလိုက်အပြုံလိုက် ဒဏ်ရာပြင်းထန်စွာ ရရှိကုန်ကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံပေါ်ကိုကျတော့ ဥပုသ်လာစောင့်တဲ့သူတွေ အများကြီး ထိကုန်တယ်။ သက်ကြီးပိုင်းတွေ ခေါင်းနဲ့ ခြေလက်တွေမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရကုန်ကြတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက် ည ၈နာရီခန့်ကလည်း တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် တန်းလွဲရွာမမှ တက္ကသိုလ်ကျောင်းသားတစ်ဦးအပါအဝင် နှစ်ိဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုံစာ- တန်းလွဲရွာမမြို့ကို စစ်​ကောင်စီဗုံးကြဲချတိုက်ခိုက်ထားစဥ်

#မြေပုံ #ကမ်းထောင်းကြီး #စစ်ကောင်စီ #ဗုံးကြဲ #တိုက်ခိုက် #Ayeyarwaddy_Times