ဧပရယ်နှင်း၊ဧရာ၀တီတိုင်းမ်
(မြဝတီ)၊ ဩဂုတ်လ ၁၄ ရက်

ထိုင်းငွေ ၁ ဘတ်လျှင် ပြင်ပပေါက်ဈေး မြန်မာကျပ်ငွေ ၈၀ ကျပ်ဖြစ်လာသည်အထိ မြန်မာကျပ်ငွေတန်ဖိုးဆက် တိုက်ဆိုသလိုစံချိန်တင်ကျဆင်းနေကြောင်း ထိုင်း-မြန်မာနယ်စပ်ငွေလွှဲလုပ်ငန်းရှင် တချို့ထံကသိရသည်။

ယနေ့ သြဂုတ်လ ၁၄ ရက်အတွက် မြန်မာငွေကျပ် ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၁၂၄၀ ဘတ်သာရရှိပြီး ၁ ဘတ်လျှင် ၈၀ ကျပ်နှုန်းဖြင့်လဲလှယ်နေရကာ တချို့ငွေလဲ၊ငွေလွှဲလုပ်ငန်းများရပ်ဆိုင်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့အထိ ထိုင်းငွေ ၁ ဘတ် လျှင် မြန်မာငွေ ၇၃ ကျပ်ရောက်ရှိခဲ့ရာမှ ယနေ့တွင် ၈၀ ကျပ်နှုန်းထိ ကျပ်ငွေတန်ဖိုးကျဆင်းလာသည်ဟု မြဝတီမြို့အခြေပြုငွေလဲ၊ ငွေလွှဲလုပ်ကိုင်နေသူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

” ဘတ်ဈေးကတက်လာတာပေါ့၊ ကျပ်ငွေကတအားကျတယ်။ တရက်နဲ့တရက်မတူသလို တနာရီတခါလောက် ဈေးပြောင်းနေတယ်။ မနေ့ညနေကဆို ၈၃ ကျပ်အထိဖြစ်သွားသေးတယ်။နောက်ဆို ကျပ်ငွေ မကိုင်ရဲလောက်အောင်ထိဖြစ်နေတယ်။ အရင်လတွေထဲကတဖြည်းဖြည်း ကျနေတာ ဒီလက အဆိုးဆုံးဘဲ။ ကျပ်ငွေစျေးကတအားထိုးကျနေတော့ မြဝတီဘက်ကရော၊ မဲဆောက်ဘက်ကရော ငွေလဲလုပ်ငန်းလုပ်တဲ့သူတချို့တွေ မလုပ်ရဲကြတော့လို့ ရပ်ထားကြတယ်” ဟု မြ၀တီမြို့ရှိ ငွေလွှဲလုပ် ငန်းရှင်တဦးကပြောသည်။

ယင်းကဲ့သို့ ကျပ်ငွေတန်ဖိုးကျဆင်းနေသဖြင့် ထိုင်းနိုင်ငံမှ လူသုံးကုန်ပစ္စည်းများ မှာယူရောင်းချနေသည့် တနိုင်တပိုင် အသေးစားလုပ်ငန်းများလည်းရပ် ဆိုင်းထားခြင်းများရှိကြောင်း သိရသည်။

“ပစ္စည်းအ၀ယ်တွေနားထားတယ်၊လှုပ်ရင်မြုပ်တယ် ဆိုတော့ ဘာပစ္စည်းမှ ၀ယ်မထားတော့ဘူး။ ၆၁ကျပ် ပေါက် ဈေးတုန်းက ၀ယ်တဲ့ပစ္စည်းတွေ၊ ၇၄ ကျပ်ပေါက်တုန်းက ၀ယ်ထားတဲ့ပစ္စည်းတွေရော လက်ထဲမှာရှိနေသေးတယ်။ တလတလ အရှုံးတွေကြီးပဲဖြစ်နေလို့ ဘာမှမလုပ်ပဲ သူဌေးအလုပ်ပြန်ရှာဖို့တွေးနေရတယ်”ဟု ဘန်ကောက်မှတဆင့် ပစ္စည်းဝယ်ယူ၍ပြန်လည်ရောင်းချသူ အသေးစားလုပ်ငန်းရှင်တဦးက ပြောသည်။

ယမန်နေ့ ညနေပိုင်းကလည်း မြဝတီမြို့၊ ကြံခင်းလမ်းရှိ ငွေလဲလုပ်ငန်းလုပ်ကိုင်သူများကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သေးကြောင်း ဒေသခံများထံကသိရသည်။