ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ဒေသခံအမျိုးသားတစ်ဦး စစ်ကြောရေးတွင် သေဆုံးခဲ့ကြောင်း ဒေသခံများနှင့်ရဲသတင်းရင်းမြစ်များထံက သိရသည်။

မအူပင်မြို့နယ် အောင်ဟိတ်ကျေးရွာအုပ်စုရှိ အင်းမကျေးရွာတွင် ပြီးခဲ့သည့်စက်တင်ဘာ ၁၆ရက်နေ့က ဖမ်းဆီးခံခဲ့ရသော အမျိုးသားနှစ်ဦးဖမ်းထဲမှ အသက် (၂၄)နှစ်အရွယ်ရှိ ကိုလင်းထက်အောင်ဆိုသူမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်စစ်ဆေးမှုကြောင့် စက်တင်ဘာလ ၁၉ရက်နေ့ညပိုင်းက သေဆုံးခဲ့ကြောင်း မအူပင်မြို့နယ်ရဲစခန်းနှင့် နီးစပ်သည့်ရဲသတင်းရင်းမြစ်များထံက သိရသည်။

“ အင်းမ ဖမ်းဆီးမှုနဲ့ဆက်စပ်ပြီးတော့ အဖမ်းခံရတဲ့ ကိုလင်းထက်အောင်ဆိုတဲ့ တစ်ယောက်က စစ်ကြောရေးလုပ်ရင်းသေသွားတယ်ပေါ့။ စက်တင်ဘာလ ၁၉ရက်နေ့ကပဲ ခလရ-၂၇ တပ်ဝန်းထဲမှာစစ်ရင်း လက်လွန်သွားတာ။ သူ့မိဘတေဆီကိုတော့အကြောင်းကြားထားတယ်။ အလောင်းကို မအူပင်ဆေးရုံက ရင်ခွဲရုံမှာပို့ထားတယ်။ အလောင်းကိုတော့ ထုတ်ခွင့်မပေးသေးဘူး”ဟု မအူပင်မြို့နယ်ရဲစခန်းနှင့် နီးစပ်သည့်ရဲသတင်းရင်းမြစ်က အတည်ပြုပြောကြားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးထားသော ရာအိမ်မှူးသုံးဦးအပါအဝင် အမျိုးသား ၃၃ဦး နှင့် အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၄၁ဦးကိုလည်း ဆက်လက်ထိန်းသိမ်းထားကာ ငွေကြေးတောင်းခံမှုများလုပ်နေကြောင်း ဖမ်းဆီးထိန်းသိမ်းခံရသူ၏မိသားစုဝင်များထံကသိရသည်။

“အမျိုးတစ်ယောက် အခုထိပြန်လွတ်မလာသေးဘူး။ရာအိမ်မှူးတွေဆိုရင် စခန်းထဲမှာ ထုထောင်းခံနေရတယ်လို့ကြားတယ်။ နောက်အဖမ်းခံထားရတဲ့သူတွေကိုလည်း ငွေတောင်းပြီးတော့ ရိုက်စစ်နေတယ်တဲ့။ ငွေပေးတဲ့သူတွေကိုလည်း ပြန်မလွှတ်ပေးသေးဘူး”ဟု ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မိသားစုဝင်တစ်ဦးကဆိုသည်။

အလားတူ ‌တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သူတစ်ဦး လွတ်မြောက်သွားသည်ဟုဆိုကာ မအူပင်မြို့တွင်းရပ်ကွက်များ၊ မအူပင်- ဖျာပုံ-ကျိုက်လတ် ကားလမ်းမအနီးကျေးရွာများနှင့် မအူပင်-မလတ်တို-တွံ့တေး ကားလမ်းမတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ ရှာဖွေစစ်ဆေးမှု တင်းကြပ်ထားကြောင်းသိရသည်။

#မအူပင် #ဖမ်းဆီးခံ #အမျိုးသား #စစ်ကြောရေး #သေဆုံး
#Ayeyarwaddy_Times