ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ် ကယန်းဒေသရှိ လအိ(ဘန်ကောက်) စစ်ဘေးရှောင် ဒုက္ခသည်စခန်းကို စစ်ကောင်စီက စက်တင်ဘာလ ၅ ရက်နေ့တွင် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက် ခဲ့သည့်အတွက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် အသက်မပြည့်သေးသည့် ကလေး ၈ ဦးနှင့် လူကြီး ၂ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီက ယခုလို ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ပြီး မိမိတို့ လုံး၀လက်မံကြောင်း ကယန်းပြည်သစ်ပါတီက ပြောဆိုသည်။
လအိ (ဘန်ကောက်) စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်သည့်ကိစ္စနှင့်ပတ်သတ်၍ ယင်းနယ်မြေကို ထိမ်းချုပ်ထားသည့် ကယန်းပြည်သစ်ပါတီ၏ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဉီးအင်ဒရူးကို ဧရာ၀တီတိုင်းမ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
မေး -လအိ (ဘန်ကောက်) စစ်ဘေးရှောင်ဒုက္ခသည်ပြည်သူတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်မှုနဲ့ ပက်သက်ပြီး ကယန်းပြည်သစ်ပါတီက ဘဘောထား ထုတ်ပြန်ကြေငြာထားတော့ အဲဒါနဲ့ ပတ်သတ်ပြီး ဘဘောထားသိပါရစေ။
ဖြေ – ဟုက်ပါတယ်။ ဒါက ကယန်းဒေသ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာရှိတဲ့ လအိ(ဘန်ကောက်) စစ်ရှောင်စခန်း ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူ ၉ ဉီး သေဆုံးခဲ့ရတယ်။ စစ်ရေးပစ်မှတ်မဟုက်တဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်မှုက လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ကယန်းပြည်သစ်ရဲ့ သဘောထားထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မေး – အဲဒီနေရာတွေက စစ်ရေးပစ်မှတ်မဟုက်ဘူးဆိုတော့ ဘယ်လိုမျိုးနေရာတွေလဲ။
ဖြေ – စစ်ကောင်စီအာဏာသိမ်းပြီး နွေဉီးတော်လှန်ရေးစဖြစ်ကတည်းက ကျွန်တော်တို့ကယန်းဒေသကို စစ်ဘေး ရှောင်တွေများစွာ ရောက်လာကြပါတယ်။ အနယ်နယ်အရပ်ရပ်က ကျွန်တော်တို့ကယန်းလူမျိုးစုတွေလည်း ပြန်လာကြပါတယ်။ ကျွန်တော်တို့ကလည်း လူသားချင်း စာနာတဲ့အကူအညီတွေ ပေးခဲ့ပါတယ်။ အခု စစ်ကောင်စီက လေယာဉ်နဲ့ပစ်တဲ့ အဲဒီနေရာတွေဟာ စစ်ဘေးရှောင်ပြည်သူတွေနေတဲ့ စစ်ရှောင်စခန်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ကယန်းဒေသ၊ ကယန်းပြည်နယ်ထဲမှာ စစ်ရှောင်စခန်းတွေ များစွာရှိပါတယ်။ အခု လေယာဉ်နဲ့ပစ်တဲ့ စစ်ဘေးရှောင်စခန်းဟ စစ်ဘေးရှောင်စခန်းများစွာထဲက တစ်ခုဖြစ်ပါတယ်။ အဲ့ဒါကို စစ်ကောင်စီက ရက်ရက်စက်စက် လေယာဉ်နဲ့ဗုံးကြဲခဲ့တဲ့အတွက် ဘာမှမသိသေးတဲ့ကလေးတွေ၊ အမျိုးသမီးတွေ၊ ကိုယ်ဝန်သည်တွေ သေဆုံးခဲ့တယ်။ ဒါဟာ စစ်ရာဇဝတ်မှုဖြစ်တယ်။ ဒါက လုံးဝကို လက်ခံလို့မရတဲ့ကိစ္စဖြစ်တယ်။
မေး – ကယန်းပြည်သစ်ပါတီအနေနဲ့ ကိုယ့်နယ်မြေမှာခိုလှုံလာတဲ့ စစ်ဘေးရှောင်တွေအပေါ်ကို လူသားချင်း စာနာတဲ့အကူအညီတွေ ဘယ်လိုပေးအပ်နေတာ ရှိပါသလဲ။
ဖြေ – ကျွန်တော်တို့ ကယန်းဒေသ၊ ကယန်းပြည်နယ်ကို လာရောက်ခိုလှုံသူ စစ်ဘေးရှောင် ၂ သိန်းကျော် ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ စစ်ဘေးရှောင်စခန်းစုစုပေါင်း ၂၇ ခု ရှိပါတယ်။ လိုအပ်ချက်အရ တိုးချဲ့ကူညီနေပါတယ်။ ကျွန်တော်တို့ တိုက်ရိုက်ကူညီပံ့ပိုးမှုက အိမ်ထောင်စု ၁၂၁၆၉ စုရဲ့ လူဉီးရေ ၅၂၅၇၀ ကို တိုက်ရိုက်ပံ့ပိုးထားပါတယ်။ ကျန်တဲ့လူဉီးရေကို ပံ့ပိုးနိုင်အောင်လည်း ကြိုးစားနေပါတယ်။
မေး – အစ်ကိုတို့အနေနဲ့ ကယန်းဒေသ၊ ကယန်းပြည်နယ်လို့ သုံးနှုံးတာ တွေ့ရတော့ အခုစစ်ကောင်စီက လေယဉ်နဲ့ ဗုံးကြဲတဲ့ဒေသက ကယန်းပြည်နယ်လို့ဆိုလိုချင်တာလား။
ဖြေ – ဟုက်ပါတယ်။ ဒါက ကယန်းပြည်နယ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကယန်းတွေနေတဲ့နေရာတွေက ရှမ်းပြည်နယ်ထဲမှာရော၊ ကယားပြည်နယ်ထဲမှာရော နေပြည်တော်နဲ့ကရင်ပြည်နယ်ထဲမှာ ထည့်သွင်းခြင်း ခံခဲ့ရပါတယ်။ အဲဒီနေရာတွေက ကယန်းဒေသ၊ ကယန်းပြည်နယ်ဖြစ်ပါတယ်။
မေး – ကယန်းပြည်သစ်ပါတီက ဘယ်လိုဖြစ်တည်လာတာလဲ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တော့ စစ်တပ်နဲ့ NCA ထိုးတာလား၊ နယ်ခြားစောင့်တပ် လုပ်တာလား၊ အပစ်အခတ် ရပ်စဲရေး – Ceasefire လုပ်ထားတာလား။ လက်ရှိမှာ ဘယ်လိုအနေအထားနဲ့ ရပ်တည်နေလဲဆိုတာသိပါရစေ။
ဖြေ – ကယန်းပြည်သစ်ဖြစ်ပေါ်လာတာကတော့ ၁၉၆၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှာ ကယန်းဒေသလူမျိုးတွေရဲ့ အခွင့်အလမ်း၊ အခွင့်အရေး ရရှိဖို့ ရရာလက်နက်စွဲကိုင်တော်လှန်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၆၄ ဩဂုတ်လ ၈ ရက်နေ့မှာတော့ လက်နက်ကိုင်တော်လှန်ရေးကို ထိန်းကျောင်းဖို့ ကယန်းပြည်သစ်ပါတီကို ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၇၀ ဒီဇင်ဘာ ၁၅ ရက်နေ့ကို ကယန်းအာဇာနည်နေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။ ၁၉၉၄ ဇူလိုင် ၂၆ ရက်နေ့မှာ တော့ နဝတအစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု လုပ်နိုင်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုသာ ဖြစ်ပါတယ်။ NCA ထိုးတာမဟုက်ဘူး။ နယ်ခြားစောင့်လဲလုပ်တာလည်း မဟုက်ဘူး။
မေး – အခုလိုအခြေအနေမှာ ကယန်းပြည်သစ်ပါတီထိမ်းချုပ်နယ်မြှအတွင်းက ဒုက္ခသည်တွေအများကြီးကို ကူညီထားတယ်လို့ သိရတယ်။ အဲဒီဒုက္ခသည်တွေကို ဘယ်လိုကျွေးထားတာလဲ၊ ဘယ်ကရတဲ့ငွေကြေးတွေနဲ့ ဒုက္ခသည်တွေကို ကူညီနေတာပါလဲ။
ဖြေ – ကျွန်တော်တို့ဒုက္ခသည်တွေကို ကူညီနေတာ ဘယ်ကမှ ရနေတာမဟုက်ပါဘူး၊ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ငွေကြေးတွေနဲ့ ကျွန်တော်တို့ကူညီနေတာဖြစ်ပါတယ်။ လိုအပ်ချက်လည်း များစွာရှိပေမယ့် ကိုယ်ထူကိုယ်ထလုပ်နေတာ ဖြစ်ပါတယ်။ အဲ့အခြေနေမှာ စစ်ကောင်စီက အခုလို လူမဆန်စွာ လိုထိခိုက်တော့ ကျွန်တော်တို့ကယန်းဒေသ ကယန်းပြည်နယ်ထဲမှာရှိတဲ့ အပြစ်မဲ့ပြည်သူတွေ သေကြေရတယ်။ အခုလို ဝမ်းနည်းစရာ၊ နာကျဉ်းစရာတွေက မီဒီယာတွေပေါ်ရောက်လို့သာ လူအများသိကြတာပါ။ မီဒီယာပေါ် မရောက်ခဲ့တဲ့ ဝမ်းနည်းစရာ၊ နာကျဉ်းစရာတွေလည်း ကျွန်တော်တို့ကြုံနေရတာ အများကြီးရှိပါတယ်။
မေး – ဒီလိုမျိုး ဝမ်းနည်းစိတ်မကောင်းဖွယ်ရာအခြေအနေ၊ အဖြစ်အပျက်မျိုးတွေ တခြားကယန်းဒေသတွေမှာ ဖြစ်တာရှိလား။
ဖြေ – ရှိပါတယ်။ အဲဒီလို တိုက်ပွဲအတွင်းပိတ်မိနေတဲ့ ပြည်သူများကို ကယ်ထုတ်ရင်း လူသားချင်းစာနာမှု အကူအညီအတွက် လုပ်ဆောင်နေတဲ့ ကျွန်တော်တို team ထဲကသူတွေ အသက်ဆုံးရှုံးခဲ့တာတွေရှိပါတယ်။ တခြားသော ကယန်းဒေသတွေမှာလည်း လူမသိသူမသိသေနေရတာတွေရှိတယ်။ အဲဒီအတွက် တော်တော် ထိခိုက်ရတယ်၊ နာကျဉ်းရတယ်။ အဲဒါတွေက အဆင်ပြေ မနေဘူး။ အဲဒီလိုအခြေအနေတွေ ရှိပေမယ့် ကယန်းဒေသမှာရှိနေတဲ့ ကယန်းလူမျိုးစုတွေနဲ့ ကယန်းဒေသကို လာရောက်ခိုလှုံတဲ့သူတွေကို ကျွန်တော်တို့ တက်နိုင်တာတွေ အကောင်းဆုံးလုပ်ဆောင်ပြီး ကူညီသွားမှာဖြစ်ပါတယ်။
#Ayeyarwaddy_Times #ကယန်းပြည်သစ်ပါတီ #လအိ #စစ်ရှောင်စခန်း #ဗုံးကြဲတိုက်ခိုက်မှု