
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းမြောက်ရှိ နမ္မတူနှင့် နမ့်ဆန်မြို့နယ်တို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ယနေ့ အောက်တိုဘာ ၁၇ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က နမ့်ဆန်မြို့နယ်၊ ဟိုမိန်းရွာကို ဗုံးနှစ်လုံးကြဲချခဲ့ပြီး နံနက် ၈ နာရီ ၂၅ မိနစ်တွင် နမ္မတူမြို့ပေါ်ကို ဗုံးနှစ်လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“နမ့်ဆန်ကိုကြဲတာ နှစ်ကြိမ်ကြဲတာ။ သေဆုံးမှုရှိတယ်။ နမ္မတူက လေး ယောက်လောက်ထိတာ။ ထွေအုပ်ရုံးတွေပေါ်လည်း ကြဲချသွားတယ်။ စာသင်ကျောင်း ပေါ်လည်းကျတယ်။ နမ့်ဆန်က အမျိုးသမီး တစ်ယောက်သေတယ်”ဟု နမ့်ဆန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်တပ်က TNLA ထိန်းချုပ်ထားသည့် မြို့နယ်များကို လေကြောင်းမှ နေ့စဉ်ဗုံးကြဲချတိုက် ခိုက်နေပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် လူနေရပ်ကွက်နှင့် ပြည်သူများကိုပစ်မှတ်ထားကာ ရည်ရွယ် ချက်ရှိရှိ ဗုံးကြဲချတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်က နမ့်ဆန်၊ နမ္မတူ၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့၊ မန်တုံ၊ မိုင်းလုံ၊ မိုးမိတ် စသည့် TNLA ထိန်းချုပ်ထားသည့် မြို့နယ်များကို လေ ကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ – နမ္မတူမြို့ရှိ အထက (၁) စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။