
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်
စားနပ်ရိက္ခာဖူလုံရေးအတွက် ရန်ကုန်လူဦးရေ ခုနစ်သန်း၏ တစ်ဝက်ခန့် ကြက်ဥ စားသုံးရန် ကြက်အကောင်ရေ လေးသန်းအထိ မွေးမြူရန် လိုအပ်သည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွက်ချက်ပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင်က ထိုသို့ဆိုထားသော်လည်း လက်ရှိတွင် တိရစ္ဆာန်အစာနှင့် ဆေးဝါးတင်သွင်းမှု လိုင်စင်ကန့်သတ်သော မူဝါဒ များ၊ ကုန်ကြမ်းဈေးနှုန်းမြင့်မားမှု တို့ကြောင့် ပြည်တွင်း မွေးမြူရေးလုပ်ငန်းရှင်များသည် လုပ်ငန်းတိုးချဲ့နိုင်ခြင်းမရှိဘဲ ခက်ခဲသော အခြေအနေ (လှောင်အိမ်) အတွင်း ပိတ်မိလျက်ရှိသည်။
စားနပ်ရိက္ခာဖူလုံရေးအတွက် ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးဇုန်များ တည်ထောင်ရန်လိုအပ်ပြီး လူဦးရေ ၇ သန်းရှိသော ရန်ကုန်တိုင်းတွင် လူဦးရေ၏ တစ်ဝက်ဖြစ်သည့် သုံးဒသမငါး(၃.၅)သန်းသည် ကြက်ဥတစ်ရက်တစ်လုံး စားသုံးပါက ကြက်အကောင်ရေ လေးသန်းခန့် မွေးမြူရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့သည်။
လက်ရှိတွင် ဈေးကွက်၌ ကြက်ဥတစ်လုံး ကျပ် ၅၀၀ မှ ၆၀၀ ကျပ်ကြား ရှိနေပြီး စစ်ကော်မရှင်၏ ရောင်းချမှု စင်တာများတွင် ၃၆၅ ကျပ်ဖြင့် ရောင်းချသော်လည်း အလွယ်တကူ ဝယ်ယူမရနိုင်ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
“ ဈေးထဲက ကြက်ဥတစ်လုံး ၅၀၀ (ကျပ်)က နည်းနည်းတော့ကြီးတယ်။ စည်ပင်နဲ့ စင်တာတွေမှာ ရောင်းတဲ့ ကြက်ဥက သေးတယ်။ ဈေးသွားရင်စည်ပင်က ကြက်ဥရောင်းတာနဲ့မကြုံဘူး။ စင်တာတွေမှာ လည်း တစ်ခါတလေမှရတယ်။ အပြင်ဈေးနဲ့ဝယ်ရတာပဲများတယ် ” ဟု ရန်ကုန်မြို့ခံအိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် တိရစ္ဆာန်မွေးမြူရေးအစာနှင့်ဆေးဝါးများကိုတင်သွင်းရာတွင် လိုင်စင်ချပေးမှုကို ကန့်သတ်ထားခြင်း၊ ပြည်တွင်းရှိတိရစ္ဆာန်အစာကုန်ကြမ်းများ ဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ကြက်သားနှင့် ကြက်ဥဈေးနှုန်းအပါအဝင် အသားဈေးနှုန်းများမြင့်တက်လျက်ရှိသည်။
ထို့ပြင် မွေးမြူရေးလုပ်ငန်းများကို ၂၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ အဆင့်ဆင့် တိုးမြှင့်၍ စီမံချက် ချမှတ်ရန် စစ်ခေါင်းဆောင်က ပြောကြားခဲ့ပြီး ၎င်း၏ ပြောကြားချက်များသည် လက်တွေ့ ဈေးကွက်နှင့် အလှမ်းဝေးလျက်ရှိသည်။
အသားတိုးကြက်၊ ဥစားဘဲနှင့် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းများကို နိုင်ငံ့စီးပွားရေးမြှင့်တင် ရေးရန်ပုံငွေ ၃၂ ဘီလီယံဖြင့်မွေးမြူရေးဆောင်ရွက်နေကြောင်း စစ်ကော်မရှင်ထံမှသိရသည်။
ပြီးခဲ့သည့် ၂၀၂၃- ၂၀၂၄ ခုနှစ်တွင် အသားမက်ထရစ်တန် ၁ ဒသမ ၂၄ သန်း၊ နို့မက်ထရစ်တန် ၂ ဒသမ ၁၉ သန်း၊ ဥအလုံးရေသန်းပေါင်း ၄၀၁၂၄၆၉ ထုတ်လုပ်နိုင်ပြီး ရေချိုရေငန်ပုစွန်ပိဿာသန်းပေါင်း ၃၈၇၀ ကျော်ထုတ်လုပ်နိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်