နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်

မြန်မာနိုင်ငံ၏ ကမ်းလွန်စီမံကိန်းတို့မှ သဘာဝဓာတ်ငွေ့များ အထွက်နှုန်း နည်းပါးနေသည့်အတွက် တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွင်းအသစ်များ တူးဖော်သွားရန်နှင့် ကမ်းလွန်စီမံကိန်းအသစ်များ ဖော်ဆောင်နိုင်ရေး စာချုပ်ချုပ်ဆိုသွားရန် ထိုင်းအစိုးရပိုင် ရေနံနှင့် စွမ်းအင်ကုမ္ပဏီ (PTTEP) နှင့် အာဏာသိမ်း စစ်ကော်မရှင်တို့ ယခုရက်ပိုင်းအတွင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ့ကမ်းလွန်စီမံကိန်း သုံးခု၌ စစ်ကော်မရှင်နှင့် အကျိုးတူလုပ်နေသည့် PTTEP ၏ အမှုဆောင် အရာရှိချုပ်သည် အထွက်နည်းနေသော ရတနာနှင့် ဇောတိက စီမံကိန်းများနှင့် ပတ်သက်၍ တွေ့ဆုံရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကော်မရှင်၏ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်သည် PTTEP အမှုဆောင်အရာရှိချုပ် Mr. Montri Rawanchaikul နှင့် တွေ့ဆုံကာ အကြီးစားရင်းနှီးမြှုပ်နှံမှုများ ထပ်မံပြုလုပ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“မြန်မာဂက်စ် အထွက်နည်းလာတယ်၊ ဂက်စ်ဈေးကလည်း ကျလာတယ်။ ခုသဘောတူညီချက်အရ အကွက်သစ်တွေ တိုးထုတ်မယ်။ မြန်မာကလည်း ပြည်တွင်းလိုအပ်ချက်အတွက် သဘာ၀ဓာတ်ငွေ့ရည် (LNG) လာမြှုပ်နှံဖို့ ဖိတ်တယ်။ ဂက်စ်အိုးတွေ လိုတယ်” ဟု အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ လေ့လာစောင့်ကြည့်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

PTTEP အမှုဆောင်အရာရှိချုပ်က အထွက်နှုန်းကျဆင်းနေ၍ တွင်းအသစ်များ အမြန်ဆုံးတူးဖော်သွား ရန်နှင့် ကမ်းလွန်စီမံကိန်းအသစ်များ ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည့်စာချုပ်များ အမြန်ဆုံး ချုပ်ဆိုသွားနိုင်ရန် ဆွေးနွေးတင်ပြခဲ့သည်ဟု စစ်ကော်မရှင်က ထုတ်ပြန်သည်။

ထိုအတွက် ဇောတိကစီမံကိန်းတွင် တူးဖော်နေသည့် တွင်းအသစ်များမှ သဘာဝဓာတ်ငွေ့များကို ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်း၌ စတင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ပြီး စီမံကိန်းအသစ်ဖြစ်သည့် ကမ်းလွန်လုပ်ကွက် အောင်သိင်္ခစီမံကိန်း နှင့် စာချုပ်ချုပ်နိုင်ရန်လည်း ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။

စစ်ကော်မရှင် စွမ်းအင်ဝန်ကြီးက အောင်သိင်္ခစီမံကိန်းသည် ပြည်တွင်းလျှပ်စစ် ထုတ်လုပ်မှုတွင် အသုံးပြုရန် ရည်ရွယ်ဆောင်ရွက်သည်ဟု ပြောဆိုကာ အာမခံချက်ကောင်းမွန်သည့် ကမ်းလွန်စီမံကိန်း အသစ်များတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများရှိကြောင်း စည်းရုံးခဲ့သည်။

ယင်းအပြင် ခုခံတော်လှန်မှုများကြောင့် နယ်မြေတည်ငြိမ်မှုမရှိသော တနင်္သာရီတိုင်း၊ ကံပေါက်ဒေသမှ တစ်ဆင့် ပြည်တွင်းနှင့် ထိုင်းနိုင်ငံသို့ LNG တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများတွင်လည်း PTTEP အနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် စစ်ကော်မရှင်က ဖိတ်ခေါ်ခဲ့သည်။

PTTEP နှင့် စစ်ကော်မရှင်တို့အကြား အကျိုးတူ လုပ်ဆောင်နေသော ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင်လည်း တွင်းအသစ်များ တိုးချဲ့နေပြီး ယင်းစီမံကိန်းများမှာ စစ်ကော်မရှင်ကို စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဘဏ္ဍာငွေ ရှာဖွေပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းများမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များသည် ထိုင်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၁၄ ရာခိုင်နှုန်းခန့် ကို ဖြည့်ဆည်းပေးပြီး ဘန်ကောက်မြို့ အပါအဝင် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် စီးပွားရေးလည်ပတ်ရေးအတွက် မရှိမဖြစ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည် ဟု ဆိုနိုင်သည်။

ဓာတ်ပုံ – MOI

ပုံစာ- စစ်ကော်မရှင်၏ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင် နှင့် PTTEP အမှုဆောင်အရာရှိချုပ် Mr. Montri Rawanchaikul တို့တွေ့ဆုံနေစဉ်