ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဘန်ကောက်မြို့တော်စည်ပင်၏ စည်းမျဉ်းအသစ်အရ ထိုင်းလူမျိုးများ ကိုသာ လမ်းဘေးဈေးသည်များအဖြစ် ခွင့်ပြုမည်ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခြင်းကို တားမြစ်မည်ကြောင်းသိရသည်။

ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt က စည်းမျဉ်းအသစ်များပါဝင်သည့် သတိပေးချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ‌ကြေညာချက် ထုတ်ပြန်သည့်အခါတွင် အဆိုပါလုပ်ပိုင်ခွင့်မှာ အသက်ဝင် လာမည်ဖြစ်ကြောင်း သိရသည်။

စည်းမျဥ်းသစ်အရ လမ်းဘေးဈေးသည်များမှာ ထိုင်းနိုင်ငံသားများသာ ဖြစ်ရမည်ဖြစ်သည့်အပြင် အစိုးရမှ ထုတ်ပေးထားသည့် သက်သာချောင်ချိရေးကတ်များ ကိုင်ဆောင်ထားသူများ၊ အမျိုးသား အိုးအိမ်အာဏာပိုင်မှ ဆောက်လုပ်ထားသည့် အိမ်များတွင် အရစ်ကျစနစ်ဖြင့် ပေးဆောင်နေရသူများ၊ အစိုးရ၏ လူမှုဖူလုံရေး ထောက်ပံ့ကြေးများ ရရှိထားသူများသာ ဈေးရောင်းခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့၏ တစ်နှစ်၀င်‌ငွေမှာ စီးပွားရေးဆိုင်ရာ ကုန်ကျစရိတ်များ ဖယ်ထုတ်ပြီးနောက် ဘတ် ၃၀၀,၀၀၀ ထက် မပိုသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ဈေးရောင်းချသူတိုင်းတွင် အရောင်းအကူတစ်ဦးသာ ထားရှိရန် ခွင့်ပြုပြီး အဆိုပါသူမှာလည်း ထိုင်းလူမျိုးဖြစ်ရမည်ဖြစ်ပြီး လမ်းဘေးဈေးဆိုင်အဖြစ် သတ်မှတ်ချက်တွင် ဆိုင်တစ်ဆိုင်လျှင် သုံးစတုရန်းမီတာသာ ကျယ်ဝန်းသည့်ဆိုင်ဖြစ်ရမည်ဖြစ် ကြောင်းလည်း သတ်မှတ်ထားသည်။

လက်ရှိတွင် ဘန်ကောက်မြို့တွင်းရှိ လမ်းဘေးဈေးဆိုင်များတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားအများစု လုပ်ကိုင်နေပြီး အဆိုပါအလုပ်များကို ထိုင်းနိုင်ငံသားများ လုပ်ကိုင်ခြင်း မရှိကြောင်း သိရသည်။

ကိုးကား – Bangkok Post
ဓာတ်ပုံ – Street food ဖြင့်နံမည်ကြီးပြီး နိုင်ငံခြားသား အလုပ်သမားအများဆုံးရှိသည့် ဘန်ကောက်တရုတ်တန်း

#Bangkok #Ayeyarwaddy_Times