ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်
အာဏာသိမ်းစစ်ကောင်စီက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ထိမ်းချုပ်ထားသည့် သီပေါနှင့်နောင်ချိုမြို့ရှိ အရပ်သားနေအိမ်များပေါ်သို့ လေကြောင်းဖြင့် တရက်ထဲ ဗုံးအလုံး ၇၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၁၉ ရက် တနေ့ထဲတွင် စစ်ကောင်စီက ဂျက်ဖိုက်တာများကို အသုံးပြု၍ နောင်ချိုမြို့ပေါ်သို့ ဗုံးအလုံး ၅၀ နှင့် သီပေါမြို့ပေါ်သို့ ဗုံး ၁၁ လုံး ကြဲချခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း TNLA အဖွဲ့က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်လာရောက်ကာ လူအများအပြားသေကြေပျက်စီးစေနိုင်သည့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ၎င်းတိုတပ်စခန်းမှတဆင့် လက်နက်ကြီးများဖြင့်ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် သီပေါမြိုနယ်၊ ကွန်ကျုံးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူလူထုများ၏နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း TNLA က ပြောသည်။
အလားတူ နောင်ချိုမြိုနယ်တွင် ယမန်နေ့ နံနက်ပိုင်း၌ စစ်ကောင်စီတပ်က Y-Y12 လေယာဥ်ဖြင့် ဗုံးအလုံး ၆၀ ကျော် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုမြို ဘူတာရုံ၊ ဓမ္မာရုံအနောက်ဘက်၊ ငှက်ပျော်ခြံနှင့် မြိုမဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြိုများဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြိုတိုတွင် အရပ်သားပစ်မှတ်များဦးတည်ကာ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု TNLA က သတင်းထုတ်ပြန် ပြောဆိုသည်။
#Ayeyarwaddy_Times #TNLA #နောင်ချို #သီပေါ