နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်
ကိုးကန့်တပ် (MNDAA)၏ သဘောထား ထုတ်ပြန်မှုမှာ တရုတ်ဖိအားပေးမှုကြောင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသူတို့က သုံးသပ်ထောက်ပြသည်။
မြန်မာ့ပြည်တွင်ရေးကို အကျိုးစီးပွားအတွက် တရုတ်နိုင်ငံက တစ်ဖတ်သတ် ဖိအားပေးမှု ပြင်းထန်လာချိန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်များ ချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ လုံးဝပြုလုပ်မည် မဟုတ်ဘဲ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း MNDAA က စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါထုတ်ပြန်ချက်သည် တရုတ်ဖိအားပေးမှုကြောင့် ဖြစ်လာခြင်းဖြစ်သလို ယင်းမတိုင်ခင် စက်တင်ဘာ ၄ ရက်ကလည်း တရုတ်ဘာသာဖြင့် ထုတ်ပြန်ခဲ့ပြီး ပြန်လည်ဖြုတ်ချသွား၍ ယခုထပ်မံဖော်ပြခြင်းဖြစ်ရာ သဘောထားများသည် အသစ်အဆန်း မဟုတ်ဘဲ မြန်မာ-တရုတ်နယ်စပ်ရှိ အင်အားစုအားလုံးအတွက်တရုတ်ချမှတ်ထားသော မူဝါဒဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။
“ဒါက နွေဦးတော်လှန်ရေးရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေကို သူတို့ဆက်ပြီး မလုပ်ဆောင်၊ မပါဝင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်လည်းရှိတယ်။ အဲဒီတော့ ဒါတွေဟာ တရုတ်ရဲ့ မြန်မာပြည်တွင်းရေးမှာ သိသာ ထင်ရှားတဲ့၊ အရေးကြီးတဲ့ သတ်မှတ်ချက်တွေကို MNDAA က ဖော်ထုတ်လိုက်တာပါ” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကိုးကန့်တပ် (MNDAA) ဦးဆောင်သော မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှစတင်၍ ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ရန် တရားဝင် ထုတ်ပြန်ခဲ့ပြီး မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်း (ခ) ကျားဖြန့်နှိမ်နင်ရေး စသည်တို့ကို ဟန်ချက်ညီပူးပေါင်းဆင်နွှဲသွားမည်ဟု ဖော်ပြခဲ့သည်။
ထို့နောက် ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်သည့် နို၀င်ဘာ ၂၇ ရက်တွင် တနိုင်ငံလုံးအတိုင်းအတာစစ်ဆင်ရေးအဖြစ် တစ်ဆင့်မြှင့်တင်ရန် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့က ထပ်မံကြေညာခဲ့ပြီး စစ်ကောင်စီတပ်စခန်းများကို အရှိန်အဟုန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
MNDAA သည် မြောက်ပိုင်းမဟာမိတ် ညီနောင်အနေဖြင့် တရုတ်၏ ငြိမ်းချမ်းရေး လုပ်ဆောင်မှု၊ ဦးဆောင်မှုကို လက်ခံကြိုဆိုသည်ဟု စာထုတ်ထားဖူးပြီး လက်ရှိအခြေအနေတွင် ရပ်တည်ရန်လိုသော ရပ်တည်ချက်တစ်ခုကို ထုတ်ပြန်ကြေညာသည်ဟု နားလည်ရကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး ဖြစ်လာဖို့ ဆိုတဲ့ဟာကလည်း သူတို့အနေနဲ့ အဖက်ဖက်က တွက်ချက်ပြီးတော့ ညှိနှိုင်းမှုတွေ၊ နားလည်မှုတွေ၊ သဘောတူညီချက်တွေ ယူပြီးတော့မှ မဟာဗျူဟာမြောက် မဟာမိတ်နိုင်ငံရေးအသွင်နဲ့ လုပ်ဆောင်ခဲ့တာ တွေ့ရလိမ့်မယ်။ အဲဒီသဘောတရား အခြေခံပေါ်မှာ မူတည်ပြီးတော့ပဲ သူတိုရဲ့အကျိုးစီးပွါး၊ တရုတ်ရဲ့ အကျိုးစီးပွါး ဘောင်ထဲမှာ လှုပ်ရှားလုပ်ကိုင်ကြတယ်” ဟု ၎င်းကဆိုသည်။
တရုတ် သို့မဟုတ် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်း၊ မဆက်ဆံ၊ မဟာမိတ် မဖွဲ့ခြင်းသည် ၎င်း၏ နိုင်ငံရေး Redline ဖြစ်ပြီး စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟူသော နိုင်ငံရေး ရပ်တည်ချက်ကို လုံးဝပြောင်းလဲမည် မဟုတ်သလို နိုင်ငံတော်မှခွဲထွက်ခြင်း၊ အာဏာကို လုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ် ထူထောင်ခြင်းများ ပြုလုပ်မည်မဟုတ်ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုကဲ့သို့ MNDAA ၏ သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုလောလောဆယ် ဘာမှတ်ချက်မှ ပေးဖို့မရှိသေးပါဘူးဗျ။ ဘယ်လိုဖိအားတွေရှိရှိ နွေဦးတော်လှန်ရေးကတော့ ရည်မှန်းချက် ပြည့်မြောက်တဲ့အထိ ဆက်သွားမှာပါ” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
MNDAA ကမူ တရုတ်နိုင်ငံအနေဖြင့် လက်ရှိတစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏ အခြေအနေကို ကြားဝင်စေ့စပ် ဖြေရှင်းပေးရန်နှင့် ၎င်းတို့အနေဖြင့်လည်း ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးသော လမ်းစဉ်ဖြင့် အဖြေရှာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ဖော်ပြသည်။
“ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတဲ့ သဘောထားက တရုတ်ပြည်ရဲ့ သဘောထားပါ။ တရုတ်ပြည်မှာ ဖက်ဒရယ်စနစ် အသုံးအနှုန်းတွေ ဘာညာတွေ ဘယ်တုန်းကမှ မသုံးခဲ့ပါဘူး။ တရုတ်
နယ်စပ်မှာနေတဲ့အင်အားစုအားလုံးလည်းတရုတ်ပြည်ရဲ့မူဝါဒ၊ အကူအညီယူပြီး တည်ဆောက်နေတာဖြစ်တဲ့အတွက် သူတို့က တရုတ်ပြည်ပုံစံ ကိုယ်ပိုင်အုပ်ချုပ်ရေးကိုပဲ ထူထောင်မယ်လို့ ပြောတာပါ” ဟု ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုသည်။
ယင်းအခြေအနေများကြောင့် နွေဦးတော်လှန်ရေးကို တစ်စုံတရာ နှောင့်နှေးစေသည့်တိုင် မြောက်ပိုင်းညီနောင်သုံးဖွဲ့ဝင် TLNA နှင့် AA အပါအဝင် ကျန်ရှိတော်လှန်ရေး အင်အားစုများက စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ထူထောင်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ချီတက် ဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ရကြောင်း လေ့လာသူတို့က ထောက်ပြသည်။
လက်ရှိတွင် ကိုးကန့်တပ် (MNDAA) ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြန်မာပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများအကြား ဝေဖန်သုံးသပ် ထောက်ပြမှုများမြင့်တက်နေပြီး ထိုအခြေအနေ အပါအဝင် ၎င်းတို့၏ တုံ့ပြန်ပြောဆိုမှုများကို သိရှိနိုင်ရေးအတွက် ဧရာဝတီတိုင်းမ် သတင်းဌာနက မေးမြန်းနိုင်ရန် MNDAA တာဝန်ရှိသူများထံ ဆက်သွယ်နေဆဲဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီကို ပံ့ပိုးကူညီ၍ မြန်မာ့အရေးကို အလုံးစုံ ဝင်စွက်ဖက်နေသည့်အပေါ် တရုတ်အစိုးရက အမြဲငြင်းဆိုထားပြီး မီဒီယာအချို့နှင့် လူပုဂ္ဂိုလ်များက အကြောင်းမဲ့ ပြစ်တင်နေခြင်းဖြစ်သည်ဟု တရုတ်သံရုံးက ယခုရက်အတွင်း ထုတ်ပြန်ထားသည်။ မကြာသေးခင်ကလည်း TNLA ကို ခြိမ်းခြောက်သည့်စာ ပို့ဆောင်ခဲ့သေးကြောင်း သတင်းမီဒီယာများတွင် ရေးသားဖော်ပြကြသည်။
ဓာတ်ပုံ- MNDAA
#ကိုးကန့်တပ် #MNDAA #တရုတ်ဖိအားပေး #လေ့လာသုံးသပ်သူများကဆို #Ayeyarwaddy_Times