ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် တိုင်ဖွန်းမုန်တိုင်း မဖြစ်ပေါ် နိုင်၍ မြန်မာနိုင်ငံအေပါ် သက်ရောက်လျော့ကျနိုင်ကြောင်း အရပ်ဘက် မိုးလေဝသပညာရပ်ကို လေ့လာနေသူ ဦးဝင်းနိုင်ထံက သိရသည်။
ယနေ့ စက်တင်ဘာ ၁၇ ရက် နေ့လယ် ၂ နာရီတိုင်းတာချက်များအရ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ဖိလစ်ပိုင်အမည် GENER (19W) က တိုင်ဖွန်းမုန်တိုင်း အဖြစ်အားကောင်းလာခြင်းမရှိကြောင်း သိရသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်း GENER ( 19W) သည် စက်တင်ဘာ ၁၉ ရက်နေ့တွင် အမြင့်ဆုံးလေတိုက်နှုန်း 33 knots သာရှိနိုင်မည်ဖြစ်၍ တိုင်ဖွန်းမုန်တိုင်းဖြစ်နိုင်ချေ မရှိသလောက် ဖြစ်သွားပြီး မုန်တိုင်းနာမည် (SOULIK) အမည်မတွင်ကြောင်းသိရသည်။
” မုန်တိုင်းအားက YAGI လို CAT-4 တိုင်ဖွန်းမုန်တိုင်းအားဖြစ်လာမှာမဟုတ်တာကြောင့် မုန်တိုင်းအရှိန် သက်ရောက်မှုကလဲ အများကြီးလျော့ကျသွားပါလိမ့်မယ်” ဟု မိုးလေဝသပညာရပ်ကိုလေ့လာသူ ဦးဝင်းနိုင်က ဆိုသည်။
လက်ရှိတွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် ၅၅၇ မိုင်အကွာ တောင်တရုတ်ပင်လယ်ပြင်မှာ ဗဟိုပြုနေပြီး အနောက် ဘက်ကို လျှင်လျှင်မြန်မြန် ရွေ့လျားနေသဖြင့် စက်တင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းတွင် ဗီယက်နမ် ကမ်းခြေ ဒါနန်းမြို့အနီးကိုရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့ တိုက်ဖွန်းမုန်တိုင်း ဖြစ်ပေါ်နိုင်ခြင်းမရှိသဖြင့် လက်ရှိရေကြီးရေလျှံနေသောဒေသများတွင် မိုးရွာသွန်းမှုသည်းထန်နိုင်ခြင်းမရှိကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကတိုက်ခတ်သွားသော ယာဂီတိုက်ဖွန်းမုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းများ ကြောင့် မြန်မာနိုင်ငံရှိ ရှမ်းပြည် ( အရှေ့နှင့် တောင်) ၊ မန္တလေးတိုင်း၊ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မိုးရေ၊ တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ လူရာနှင့်ချီသေဆုံးရသည်။
ဓာတ်ပုံ – ဦးဝင်းနိုင်
#တောင်တရုတ်ပင်လယ် #တိုင်ဖွန်းမုန်တိုင်းမဖြစ်နိုင် #လေဖိအားနည်းရပ်ဝန်းသာတည်ရှိ #မြန်မာနိုင်ငံအရှိန်လျော့နိုင် #Ayeyarwaddy_Times