
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကို အဓိက ဆက်သွယ်ထားသော တီးတိန် – ကလေး လမ်းမကြီးသည် မိုးအဆက်မပြတ်ရွာသွန်း၍ ကားလမ်းပြိုကျပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။
တီးတိန်မြို့နယ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းပြီး ယနေ့ စက်တင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းတွင် ရွာသွန်းသည့်မိုးကြောင်း တောင်ကျရေအရှိန်ဖြင့် တီးတိန် – ကလေး လမ်းမကြီး ပြိုကျပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
“ကနေဒီတောင်ခြေအနား တီးတိန်အရောက်မှာ လမ်းပြိုကျသွားတာပါ။ ရေလွဲလမ်းရှိပေမဲ့ မိုးဆက်တိုက်ရွာတော့ ရေက ကားလမ်းမပေါ် ကျော်တက်သွားတယ်။ ကား၊ ဆိုင်ကယ်တွေလည်း သွားမရတော့ဘူး။ ခရီးသည်တွေကော့ ပြန်လှည့်ရတယ်” ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်တလောတွင် အဆိုပါ ကားလမ်းပြိုကျပျက်စီးသွာသည့်အတွက် အသုံးပြု၍ မရတော့ဘဲ ကုန်ကားနှင့် ခရီးသည်များသည် နောက်ပြန်လှည့်ရကြောင်း သိရသည်။
ထို့အပြင် ပလက်ဝမြို့နယ်တွင်လည်း ပလက်ဝ – ဆော ဆက်သွယ်ထားသည့် ကားလမ်းရှိ တံတား၊ လမ်းပြိုကျသည့်အတွက် ဆောမြို့တွင် ကုန်သည်နှင့် ကယ်ရီသမားများ ပိတ်မိနေသည်ဟုဆိုသည်။
“ဆောဘက် စျေးသွားဝယ်တာ မိုးက ရုတ်တရက် ရွာချလိုက်တော့ ပိတ်မိနေတယ်။ အခု ဆော-ပလက်ဝ ကားလမ်းတလျောက် ချောင်းရေတွေကြီးတယ်။ လမ်း၊တံတား ပျက်စီးနေတယ်။ ပြန်လို့မရတော့ဘူး။ ဒီမှာပိတ်မိနေတာ ၃ရက်လောက်ရှိပြီ။ ပစ္စည်းတွေလည်း ဝယ်ယူပြီးပြီ” ဟု ဆောမြို့တွင် ပိတ်မိနေသည့် ကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆောမြို့တွင် ပိတ်မိနေသည့် ပလက်ဝမြို့နယ်မှ ကုန်သည်နှင့် ကယ်ရီသမား ၂၀ ဥဦးထက်မနည်းရှိနေကြောင်း သိရသည်။
ပလက်ဝမြို့နယ်ရှိ ကုန်ပစ္စည်းများသည် ယခင်က ရခိုင်ပြည်နယ်ဘက်မှ တင်သွင်းသော်လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကုန်ပစ္စည်းပြတ်လပ်သည့်အတွက် ယခုခါ ဆောဘက်မှ ဝယ်ယူတင်သွင်းနေခြင်းဖြစ်သည်။
ပလက်ဝမြို့နယ်တွင် ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်ကြောင်းနှင့် မတူပီခရိုင်၊ ဟားခါးခရိုင်၊ မင်းတပ်ခရိုင်တို့တွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသ လေ့လာသူများက ခန့်မှန်းပြောဆိုထားသည်။
#မိုးအဆက်မပြတ်ရွာသွန်း #တီးတိန် #ကလေးမြို့ #ဆက်သွယ်ထားသည့်လမ်းမကြီး #ပြိုကျပျက်စီး
#Ayeyarwaddy_Times