
အယိုက်လင်း/ ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်
မြန်မာပြည်မှ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ ဝင်ရောက်လာသည့်အတွက် အိန္ဒိယ – မြန်မာနယ်စပ် မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင်ရှိ မြန်မာစစ်ဘေးရှောင် စာသင်ကျောင်းအချို့ပိတ်ထားရကြောင်း စစ်ဘေးရှောင်များထံက သိရှိရသည်။
တင်နိုပယ်ခရိုင်တွင် ယခုရက်ပိုင်းအတွင်း ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဝင်ရောက်လှုပ်ရှားလာသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးအထူးဂရုစိုက်ရန် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ရှိသူများက လိုက်လံသတိပေးထားကြောင်း သိရှိရသည်။
အဆိုပါ လုံခြုံရေး သတိပေးထားသည့်အတွက် တင်နိုပယ်ခရိုင်ရှိ မြန်မာစစ်ဘေးရှောင် စာသင်ကျောင်းအချို့ ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ ရက်အကန့်သတ်မရှိ ပိတ်ထားလိုက်ရပြီး နောက်ထပ် ကျန်ရှိနေသည့် စာသင်ကျောင်းများလည်း ပိတ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။
“ဒီဘက်က အုပ်ချုပ်ရေးမှူးတွေက လုံခြုံရေး ဂရုစိုက်ဖို့ ပြောလာတဲ့အတွက် ကျောင်းတွေ ပိတ်လိုက်ရတာပါ။ လောလောဆယ် စစ်ဘေးရှောင် သုံးနေရာက စာသင်ကျောင်းတွေ ပိတ်ထားတယ်။ အခြေနေ ဆိုးလာရင် ကျန်တဲ့ကျောင်းတွေ ထပ်ပိတ်ရပါမယ်” ဟုစစ်ဘေးရှောင် ကျောင်းဆရာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တင်နိုပယ်ခရိုင်တွင်းသို့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဝင်ရောက်လာသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် အိန္ဒိယ – မြန်မာနယ်စပ်တွင် သေနတ်ပစ်ခတ်သံများနှင့် လူပျောက်ဆုံးမှုများရှိလာသည့်အတွက် တောတောင်ထဲသို့ တစ်ယောက်တည်း သွားလာခြင်းမပြုလုပ်ရန်အတွက်လည်း သတိပေးထားကြောင်း သိရှိရသည်။
ယခုလ စက်တင်ဘာ ၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံသား အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မျှစ်သွားချိုးရာမှ အိန္ဒိယ – မြန်မာနယ်စပ်တစ်နေရာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိရပြီး အဆိုပါသေဆုံးမူနှင့်ပတ်သက်၍ ကသည်းလက်နက်ကိုင်အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ဒေသခံများက စွပ်စွဲထားသည်။
“အခုဖြစ်သွားတာ ကသည်းလက်နက်ကိုင် ဝင်လာတယ်ဆိုတဲ့ သတင်းထွက်ပြီးနောက် ဖြစ်သွားတယ်ဆိုတော့ ဒေသခံတွေက သူတို့ကိုစွပ်စွဲနေကြတာလေ။ အရင်ကအဲ့လို ဖြစ်စဥ်မရှိခဲ့ဘူး။ အခုဒေသခံတွေက သူတို့အသက်အန္တရာယ်လုံခြုံရေး စိုးရိမ်နေကြလို့ တောတောင်တွေထဲတောင် မသွားရဲကြတော့ဘူး” ဟု မြန်မာစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စက်တင်ဘာ ၆ ရက်နေ့ကလည်း အိန္ဒိယ – မြန်မာနယ်စပ် တင်နိုပယ်ခရိုင်တွင်အိန္ဒိယ ကူကီးတပ်ဖွဲ့နှင့် မြန်မာ ကသည်းအဖွဲ့တို့ ပစ်ခတ်မူ အနည်းငယ် ဖြစ်ပွါးခဲ့ကြောင်းသိရှိရသည်။
ကသည်းလက်နက်ကိုင်တပ်ဖွဲ့သည် တမူးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီနှင့်အတူ တိုက်ခိုက်ပေးနေကြောင်း တမူးမြို့နယ် ဒေသခံများထံက သိရှိရသည်။
#ကသည်းလက်နက်ကိုင် #မဏိပူရ်ပြည်နယ် #မြန်မာစစ်ဘေးရှောင် #စာသင်ကျောင်းအချို့ #ပိတ်ထားရ
#Ayeyarwaddy_Times