
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်
စစ်ကောင်စီ နှင့် ဆီကုန်သည်ကြီးများက စားအုန်းဆီရောင်းဝယ်မှုအား အကန့်အသတ်ဖြင့် ရောင်းချလာသည့် နောက်ပိုင်း ဧရာဝတီတိုင်းအတွင်းတွင် စားအုံးဆီမှောင်ခိုရောင်းချမှုကြီးထွားလာသည်ဟု ဒေသခံများထံ ကသိရသည်။
အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်က ပြည်ပနိုင်ငံမှ စားအုံးဆီ တင်သွင်းရောင်းချမှုကို လျော့ချရမည်ဟု ပြောဆိုပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက ရည်ညွှန်းဈေးနှင့် ရောင်းချမည့် စားအုန်းဆီကုန်ချိန်ပမာဏအား သတ်မှတ်ကန့်သတ်ထိန်းချုပ်လိုက်ရာမှ ဧရာဝတီတိုင်းအတွင်း စားအုန်းဆီ မှောင်ခိုဈေးကွက်ကြီးထွားလာခြင်း ဖြစ်သည်။
“စားသုံးသူတွေရဲ့လိုအပ်ချက်ကို လောက်လောက်ငှငှ ရောင်းချမပေးပဲ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ နဲ့ ဆီကုန်သည်ကြီးတွေက လက်ကားဆိုင်ကြီးတွေကို တိတ်တဆိတ် နဲ့ ရည်ညွှန်းဈေးထက်ပိုပြီး မှောင်ခိုခိုးထုတ် ရောင်းတယ်။ စားသုံးသူက လက်လီလက်ကားဆိုင်တွေမှာ နှစ်ဆကျော်ဈေးကြီးပေး ဝယ်သုံးနေရတယ် “ ဟု မြောင်းမြ မြို့ရှိ ဆီကြော်မုန့်မျိုးစုံ ထုတ်လုပ်ရောင်းချသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ နှင့် ခရိုနီ ဆီကုန်သည်ကြီးများအသင်းက ၎င်းတို့အသင်းဝင်ထားသည့် လက်လီလက်ကားကုန်စုံ ဆိုင်များကို တစ်ဆိုင်လျှင်သုံးရက်ခြားပြီး တကြိမ်လျှင် စားအုန်းဆီ ပိသာ ၂၀ ထုတ်ပေးကာ ရည်ညွှန်းဈေး တစ်ပိသာ ၆၇၀၀ ကျပ်ဖြင့် စားသုံးသူများထံ ရောင်းချခိုင်းထားသည်ဟု ကုန်စုံဆိုင်ပိုင်ရှင်များထံကသိရသည်။
သို့သော် လက်လီလက်ကား ကုန်စုံဆိုင်များတွင် တစ်ဦးလျှင် ၅၀ ကျပ်သားနှုန်းဖြင့် ၁၀ ဦးခန့်ကိုသာ ရည်ညွှန်း ဈေး တစ်ပိသာ ၆၇၀၀ကျပ်နှုန်းဖြင့် ရောင်းချပေးပြီး တိတ်တဆိတ် ရောင်းချနေသော မှောင်ခိုဈေးကွက်တွင်မှု တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိ ပေး၍ ဝယ်ယူသုံးစွဲနေရသည်ဟု ပုသိမ်မြို့ ညဈေးရှိ အ ကြော်စုံရောင်းချနေသူတစ်ဦးထံက သိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့ကြီးများတွင် စစ်ကောင်စီ အဖွဲ့ နှင့် ဆီကုန်သည်ကြီးများအသင်းက ရည်ညွှန်း ဈေးဖြင့် စားသုံးသူ လိုအပ်ချက်ကို လုံလောက်စွာ ရောင်းချပေးခြင်းမရှိသောကြောင့် မြို့ပေါ် မှောင်ခိုဈေးကွက်တွင် စားအုန်းဆီတစ်ပိသာ ၁၆၀၀၀ကျပ် မှ ၁၈၀၀၀ ကျပ်ဈေးဖြစ်ပြီး ကျေးရွာများတွင် ခရီးအကွာအဝေးပေါ်မူတည်၍ တစ်ပိသာ ၂၂၀၀၀ကျပ်ဈေးအထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
“စစ်တပ်အာဏာသိမ်းပြီးကတည်းက ရွာတွေမှာက ဆန်နဲ့ ဆီ ကိုဈေးသက်သက်သာသာ နဲ့ အုပ်ချုပ်ရေးအဖွဲ့ က လာရောင်းချပေးတာမျိုး တခါမှမရှိသေးဘူး။ မြို့ပေါ် လက်ကား ကုန်စုံဆိုင်ကြီးတွေက တက်ဈေးကျဈေးအရ ပို့ရောင်းတာကို ရွာကကုန်စုံဆိုင်လေးတွေမှာ ဆန်ကြမ်းတပြည် ၄၀၀၀ ကျပ်ကျော်၊ စားအုန်းဆီတစ်ပိသာကို ၂၂၀၀၀ ကျပ်ပေးဝယ်စားနေရတယ်” ဟု ကျောင်းကုန်းမြို့နယ်အတွင်းရှိ မိုးမခရွာသားတဦးကဆိုသည်။
လက်ရှိတွင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က စားအုန်းဆီအား ဆီစာအုပ်ဖြင့် ရောင်းချပေးရန်စီစဉ်ပြီးနောက် စားအုန်းဆီမှောင်ခိုဈေးကွက်မှာ ပိုမိုကြီးထွားလာသည်ဟု ဈေးကွက်အတွင်းပြည်သူများထံက သိရသည်။
#ဧရာဝတီတိုင်း #စားအုန်းဆီ #မှောင်ခိုဈေးကွက် #ကြီးထွားလာ #Ayeyarwaddy_Times