
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
တောင်တရုတ်ပင်လယ်ကနေ ဖြစ်ပေါ်လာသော အပူပိုင်းတိုက်ဖွန်းမုန်တိုင်း ယာဂိ၏ အကြွင်းအကျန်လေပွေလှိုင်းများကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးမှုဖြစ်ပွားကာ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဒေသခံ ၁၀ ဦးသေသုံးကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံက သိရသည်။
ရုတ်တရက်ရေကြီးမှုကြောင့် ရမည်းသင်းမြို့နယ်အတွင်း ရေကြီးရေလျှံနေစဉ် ဆည်ကြီးကျေးရွာမှ အမျိုးသား တစ် ဦး၊ ညောင်အိုင်ကျေးရွာမှ အမျိုးသမီး တစ်ဦး၊ ကံသာအေးကျေးရွာမှ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး လေးဦး၊ ရွှေနန်းပေါ်ကျေးရွာမှ အမျိုးသမီး တစ် ဦး၊ ချောင်းဖျားကျေးရွာမှ အမျိုးသမီး တစ် ဦးတို့ သေဆုံးကြောင်း ကနဦးသိရသည်။
ထို့ပြင်ရမည်းသင်းမြို့နယ်အတွင်းရေဘေးသင့်ပြည်သူများ အိမ်ထောင်စု ၁၅,၁၁၃ စု၊ အမျိုးသား ၂၃၉၉၅ ဦးနှင့် အမျိုးသမီး ၂၉၉၇၇ ပါဝင်ကာ စုစုပေါင်း ၅၃,၉၇၂ ဦးရှိပြီး ဘုန်းကြီးကျောင်းများတွင် ရေဘေးရှောင်နေရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။
လက်ရှိတွင် မြေသားအမျိုးအစားဖြစ်သော ကျီးနီကန် အနောက်ဘက်ရှိကျေးရွာများတွင် ရေဝင် ရောက်ကာ နေအိမ်များနစ်မြုပ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ရမည်းသင်းခရိုင်သည် ရှမ်းကုန်ပြင်မြင့်နှင့်ထိစပ်နေသည့်အတွက်ကြောင့် တောင်ကျချောင်းရေများ အပြင် ကျီးနီကန်နှင့် ကတင်ကန်တို့အတွင်းရေဝင်ရောက်လျှက်ရှိသဖြင့် ရေဘေးဂရုစိုက် နေထိုင်ရန် လိုအပ်ကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် ရမည်းသင်;တွင် ဒေသခံ ၁၀ ဦးသေဆုံးမှုသည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ကနဦး ထုတ်ပြန်ချက်ကိုဖော်ပြထားခြင်းဖြစ်ပြီး ယခုထက် ပိုမိုထိခိုက်သေဆုံမှုများ ရှိနိုင်ကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ လူမှုကွန်ရက်
#ရမည်းသင်း #ဒေသခံ၁၀ဦးသေဆုံး #ရုတ်တရက်ရေကြီး #မိုးသည်းထန် #Ayeyarwaddy_Times