
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းနှင့် သာစည်အစပ်ရှိ စမုံဆည်ကျိုးကျပြီး ဆည်အောက်ဘက်နှင့် စမုံမြစ်ရိုးတလျှောက်ရှိ ကျေးရွာများအားလုံးနီးပါး ရေနစ်မြုပ်သွားပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၁ ရက်နေ့ ည ၇ နာရီကျော်ခန့် တွင် စမုံဆည်ကျိုးကျပြီး ရေများတရှိန်ထိုးဝင်ရောက် လာကာ ဆည်နှင့် မြစ်ရိုးအနီးရှိ ကျေးရွာများရေနစ်မြုပ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
“တဖက်ကစမုံဆည်၊ တစ်ဖက်က ကင်းတာဆည်ကလွှတ်လိုက်တဲ့ ကင်းတားမြောင်းရှိတယ်။ မြို့နယ်အရှေ့ခြမ်းက တောင်သူတွေကိုရေပေးဝေတဲ့မြောင်းကြီး၊ မနေ့ကကင်းတားကအဲ့မြောင်းထဲကို လည်းရေတအားလွှတ်လိုက်တာဆိုတော့ ခုမနက်အဲ့မြောင်းကြီးကြီးကလည်း ကျိုးကျတာ။ ရေက နှစ်ဖက်လုံးကနေဆိုတော့ ကြားထဲပိတ်မိနေကြတာ တချို့ရွာတွေ” ဟု ဝမ်းတွင်းနယ်မြေကင်းထောက် Voice of Wundwin တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဝမ်းတွင်းမြို့နယ်၊ စမုံဆည်အောက်ဘက်ရှိ အလယ်ကန်၊ ကြွယ်ကန်၊ ကျောက်အိုး၊ သပြေသာ၊ ထန်းပင်ကုန်း၊ ခြင်္သေ့လက်၊ ညောင်ပင်ရွာ၊ ကိုင်း၊ ရိုးစုံ၊ ညောင် အုပ်ဖီး၊ ကုန်းရွာ၊ ဒုန်းကုန်း စသည့်ကျေးရွာများရှိ နေအိမ်များအားလုံး ရေနစ်မြုပ်နေပြီး ကူညီကယ် ဆယ်ရေးများ လိုအပ်နေကြောင်း သိရသည်။
“ရိုးစုံရွာဆို တစ်ရွာလုံးမြုပ်သွားပြီ။ အမြင့်ပိုင်းပြေးကြလို့ လွတ်တဲ့သူလည်းရှိတယ်။ ပိတ်မိ နေတဲ့သူတွေလည်း အများကြီးပဲ။ ပြေးလို့လွတ်တဲ့လူတွေလည်း ခုထိဘာမှမစားကြရသေးဘူး။ ရွာထဲက ရေထဲဆင်းရဲတဲ့ ယောက်ျားသားတွေပဲ လုပ်နိုင်ကြတာလုပ်ပြီး ကူညီနေကြတာ။ ကူညီကယ်ဆယ်ရေးတွေ မလာကြ သေးဘူး”ဟု ရိုးစုံရွာခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် သပြေသာ၊ ရိုးစုံ အရှေ့ဘက် ခရိုင်ချင်းဆက်လမ်းကနေ ဟစ်တော်မူအထိ ကားလမ်း ပေါ်တွင်ရေဘေးရှောင်နေကြရပြီး စားစရာနှင့် ဆေးဝါးအကူညီများ လိုအပ်နေကာ ရေနစ်မြုပ်သည့် ကျေးရွာအချို့မှ သက်ကြီးပိုင်းအရွယ်များ သေဆုံးမှုများလည်း ရှိနေကြောင်း Voice of Wundwin ထံမှသိရသည်။
ကင်းတာဆည်မြောင်းကြီး ကျိုးကျသည့်အတွက် သပြေသာ၊ ရိုးစုံ၊ မြင်းကျကန်နှင့် ထန်းပင်ကုန်းရွာများ ရေနစ်မြုပ်နေပြီး နေအိမ်ခေါင်းမိုးများပင် နစ်မြုပ်သွားပြီဖြစ်ကြောင်း သိရသည်။
ပုံစာ -ဝမ်းတွင်းမြို့နယ်၊ ရိုးစုံရွာ ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းမြင်ကွင်း (Voice of Wundwin)
#မန္တလေး #ဝမ်းတွင်း #စမုံဆည် #ကျိုးကျ #ကျေးရွာ #ရေနစ်မြုပ် #Ayeyarwaddy_Times