
ဧရာဝတီတိုင်း
စက်တင်ဘာ ၁၂ ရက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် သုံးရက်ကြာ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့တွင် ရေပြန်ကျသွားပြီဖြစ်ကြောင်းသိရသည်။
တာချီလိတ်မြို့တွင် ယာဂိမုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်းရေကြီးမှုကြောင့် စက်တင် ဘာ ၉ ရက်နေ့မှ စတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိနေရာအများစုတွင် ရေပြန်ကျနေကာ အချို့ရပ်ကွက်များတွင် ရေအနည်းငယ်ကျန်နေပြီး ဒေသခံများမှာ သန့်ရှင်းရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နေကြကြောင်း သိရသည်။
” တချို့နေရာတွေမှာ ရေနည်းနည်းကျနေပြီ။ မီးလာတဲ့ နေရာလာတယ်။ ဖုန်းဆက်လို့ရတဲ့နေရာ အင်တာနက်လိုင်းရတဲ့နေရာရတယ်။ မရသေးတဲ့နေရာလည်းရှိသေးတယ်။ မြို့ထဲမှာ ရွံ့ဗွက်တွေကြီးပဲ ” တာချီလိတ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တာချီလိတ်မြို့အတွင်း ရေကြီးရေလျှံမှုကြောင့် လူသေဆုံးခြင်း၊ နေအိမ်များမျောပါပျောက်ဆုံးခြင်းနှင့် ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကာ နယ်နိမတ်စည်းမျဉ်းဖြစ်သည့် မယ်ဆိုင်းချောင်းတစ်ဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားသည်။
တာချီလိတ်မြို့ ( လွယ်တော်ခမ်းကျေးရွာအုပ်စု) တွင် မယ်ဆိုင်းချောင်းရေသည် စိုးရိမ်ရေမှတ် ၁၂ ဒဿမ ၈၀ ပေမှ စက်တင်ဘာ ၉ ရက်နေ့တွင် ၃ လက်မခန့်၊ စက်တင်ဘာ ၁၀ ရက်နေ့တွင် ၁၂ လက်မ ခန့်ရောက်ရှိကာ စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#တာချီလိတ်ရေကြီးရေလျှံ #မယ်ဆိုင်ချောင်း #ရေပြန်ကျ #Ayeyarwaddy_Times