ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်

နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးလာသဖြင့် ရပ်ကွက်၊ ကျေးရွာများတွင် ပိတ်မိနေသူများကိုရှာ‌ဖွေကယ်ဆယ်ရာတွင် လူဦးရေ ၁၀၀၀ ကျော်တွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာ ၁၁ ရက်နေ့က ဆင်သေချောင်းအပါအဝင် ငလိုက်ချောင်းနှင့် ပေါင်းလောင်း မြစ်များတွင် မိုးရေ တောင်ကျရေများကြောင့် ရေစီးသန်ကာ မြင့်တက်လာပြီး နေပြည်တော်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော် ပျဉ်းမနား၊ တပ်ကုန်းမြို့နယ်၊ ကုတင် (၁၀၀) ၊ ဓမ္မရိပ်သာ၊ ဘိုးဘွားရိပ်သာ၊ ဘောဂသီရိ ကားကြီးဝင်းအပါအဝင် ‌ကျေးရွာ နှစ်ဆယ်ကျော်မှ လူဦးရေ ၁၁၅၁ ဦးကယ်ထုတ်နိုင်ခဲ့ပြီး အဆိုပါ ရေကြီးမှုကြောင့် ပိတ်မိနေသူများတွင် ဘိုးဘွားများ၊ ကလေးသူငယ်များအပါအဝင် အမျိုးသားနှင့် အမျိုးသမီးများပါဝင်ကြောင်း မီးသတ်ဦးစီးဌာနထံက သိရသည်။

” တပ်ကုန်းဘက်မှာ အခုထိကယ်ဆယ်ရေးတွေလုပ်နေတုန်း။ ဒီနေ့အထိ ထမင်းမစားရသေးတဲ့သူတွေ ရှိတယ် ” ဟု တပ်ကုန်းမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရေကြီးမှုကြောင့်သေဆုံးရာတွင် တပ်ကုန်းမြို့ရှိ ကားဝပ်ရှော့တစ်ခုတွင် လူသေအလောင်း လေးလောင်း တွေ့ရပြီး တပ်ကုန်းမြို့ရှိ အချို့‌နေရာများတွင် ရေအနည်းငယ်ပြန်ကျလျက်ရှိကာ လူသေဆုံးမှု၊ ပျောက်ဆုံးမှုကို ရှာဖွေရေးကယ်ဆယ်ရေးလုပ်မှ သိရှိနိုင်မည်ဖြစ်ကြောင်း ဒေသခံ အမျိုးသမီးထံက ထပ်မံသိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#နေပြည်တော် #တပ်ကုန်း #ပျဉ်းမနား #ကူညီကယ်ဆယ်ရေး #လူ၁၀၀၀ကျော် #မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ #Ayeyarwaddy_Times