နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

အာဏာသိမ်း စစ်ကောင်စီက ညီနောင်သုံးဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာသည့်အပေါ် စစ်ကောင်စီကို အထောက်အကူပြုနေသည့် ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၅ ပါတီက ထောက်ခံကြောင်း ယမန်နေ့ စက်တင်ဘာ ၃ ရက်နေ့က ပူးတွဲထုတ်ပြန်၍ စစ်ကောင်စီဝါဒဖြန် သတင်းစာများတွင် ဖော်ပြခဲ့သည်။

စစ်ကောင်စီက ရှမ်းမြောက်၊ မန္တလေးနှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ဆင်ရေး ဆင်နွှဲနေသော ညီနောင်သုံးဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် (AA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် တအာင်းတပ်မတော် (TNLA) တို့ကို အကြမ်းဖက် အုပ်စုအဖြစ် စက်တင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။

ထို့နောက် စစ်ကောင်စီမှ အသိအမှတ်ပြုထားသည့် နိုင်ငံရေးပါတီ ၂၅ ပါတီက စစ်ရေးပစ်မှတ် မဟုတ်သော အပြစ်မဲ့ပြည်သူများကို လူမှုဒုက္ခများ ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်ကြောင်း စစ်ကောင်စီအလိုကျ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက အကြမ်းဖက်အုပ်စုဟု ဆိုထားသည့် ညီနောင်သုံးဖွဲ့သည် နွေဦးတော်လှန်ရေးတွင် တစ်သားတည်း ရပ်တည်ကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ခြေမှုန်းနိုင်ရေး တိုက်ပွဲဝင်နေ သူများဖြစ်ပြီး စစ်အုပ်စုအတွက် နိုင်ငံရေးနှင့် စစ်ရေးအရ များစွာအကြပ်အတည်း ဖြစ်စေသောကြောင့် ယခုကဲ့သို့ ကြေညာခြင်းဖြစ်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(DPNS) တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

“အဲဒီ ၂၅ ပါတီက အရင်ကတည်းက စစ်အုပ်စုဘက်ကနေ ရပ်တည်ပြီး ထောက်ခံနေတာဖြစ်တယ်။ စစ်အုပ်စုရဲ့ ကြေညာချက်ကို ဒီလိုမျိုး ထောက်ခံလိုက်တာဟာ စစ်အုပ်စု ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု တွေမှာ သူတို့ပါ ပူးတွဲတရားခံတွေအဖြစ် တာဝန်ခံရမှာဖြစ်တယ်” ဟု ဒေါ်နှင်းနှင်းမွှေးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ညီနောင်သုံးဖွဲ့အနက် AA ကို သီးခြားလည်းကောင်း၊ MNDAA နှင့် TNLA တို့ကို ပူးတွဲ၍လည်းကောင်း ထုတ်ပြန်ခဲ့ပြီး မြို့/ရွာ၊ လမ်း၊ တံတားများအား မီးရှို့တိုက်ခိုက်ခြင်းနှင့် ပြည်သူကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်မှု၊ နိုင်ငံအတွင်း အခြေပြု၍ အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိ ကြောင်း နိုင်ငံရေးပါတီ ၂၅ ပါတီက စွပ်စွဲထုတ်ပြန်ထားသည်။

ယင်းအပြင် တက္ကသိုလ်အပါအဝင် စာသင်ကျောင်းများ ဖျက်ဆီးခြင်း၊ ဆရာ/မများနှင့် ကျောင်းသား/သူများကို ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများက နိုင်ငံတော်၏ အနာဂတ်ကို ရိုက်ချိုးဖျက်ဆီးခြင်းဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ်များကို ဆုံးရှုံးစေကြောင်း နိုင်ငံရေးပါတီ ၂၅ ပါတီက ဆိုထားသည်။

ထို့ကြောင့် MNDAA ၊ TNLA နှင့် AA တို့ကို စစ်ကောင်စီက အကြမ်းဖက် အုပ်စုအဖြစ် ကြေညာခြင်းအား သန်းပေါင်းများစွာသော ပြည်သူများကိုယ်စား အပြည့်အဝထောက်ခံ၍ ထာဝရ ဆန့်ကျင်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီ အသိအမှတ်ပြု နိုင်ငံရေးပါတီ ၂၅ ပါတီက လက်မှတ်ရေးထိုးကာ ပူးတွဲထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ထိုကဲ့သို့ ထုတ်ပြန်မှုအပေါ် ညီနောင်အဖွဲ့များက ပြန်လည်တုံ့ပြန်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ယင်းကြေညာမှုသည် တရားမဝင်သလို စစ်ကောင်စီ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့အား အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပုံစာ- စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်ကောင်စီအသိအမှတ်ပြု နိုင်ငံရေးပါတီများ ဇန်နဝါရီ ၇ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်၊ ညီနောင်သုံးဖွဲ့ကို စစ်ကောင်စီက အကြမ်းဖက်အဖြစ် ကြေညာမှုအပေါ်ထောက်ခံခဲ့သည့် နိုင်ငံရေးပါတီ ၂၅ ပါတီ၏ လက်မှတ်

#ညီနောင်သုံးဖွဲ့ #အကြမ်းဖက် #ကြေညာမှု #စစ်ကောင်စီအလိုကျ #နိုင်ငံရေးပါတီ၂၅ပါတီ #ထောက်ခံ #Ayeyarwaddy_Times