
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးရှိ ဆားချက်နှင့် ကိုင်းခုံရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။
ကျိန္တလီမြို့အနီး ဆားချက်နှင့် ကိုင်းခုံရွာအနီးတွင် ယနေ့ စက်တင်ဘာ ၄ရက် မနက် ၉နာရီ ခန့်မှစတင်၍ AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။
“မနက် ၁၁နာရီလောက်မှာ လေယာဉ်လာပစ်တယ်။ စစ်ကြောင်းထိုးလာတဲ့တပ်ကို ဝင်တိုက်တာလို့ ပြောတယ်။ ကျိန္တလီ၊ကုလားပြင်မှာက စစ်တပ်ကတပ်စွဲထားတယ်” ဟု ဂွဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်နေ့ကတည်းက ဂွမြို့နယ်၊ ချင်းကွင်းနှင့် ကျိန္တလီတို့တွင် တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီး AAက ကျိန္တလီမြို့ကို ထိန်းချုပ်ထားကြောင်း သိရသည်။
စစ်ကောင်စီက ကျိန္တလီမှ ဂွသွား လမ်းတလျှောက်ရှိ ဆပ်သွားကျေးရွာ၊ ကုလားပြင်၊ ကမ်းသာယာရှိ လက်ကျန်တပ်များနှင့် ပြန်လည်ခုခံတိုက်ခိုက်နေပြီး ဂွမြို့တပ်ရင်းများမှနေ၍လည်း လက်နက်ကြီးများ ဖြင့် ပစ်ကူလျက်ရှိသည်။
ဂွမြို့ပင်လယ်ပြင်မှနေ၍ စစ်ကောင်စီက အရပ်သားစက်လှေများကိုအသုံးပြု၍ တပ်အင်အား ဖြည့်တင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ပို့ဆောင်သယ်ယူခြင်းများ လုပ်ဆောင်နိုင်သည့်အတွက် ဂွပင်လယ်ပြင်အတွင်း စက်လှေများသွားလာခြင်းမပြုရန် AAက ဩဂုတ် ၁ရက်နေ့ကတည်းက ပိတ်ပင်ထားသည်။
စစ်ကောင်စီသည် ဂွ-ငါးသိုင်းချောင်းရိုးမလမ်းတွင်လည်း လက်နက်ကြီးများတပ်ဆင်ကာ ခုခံစစ်ပြင် ထားပြီး ဧရာဝတီတိုင်းမှ စစ်ကူများနှင့် စစ်လက်နက်များကိုပါ ဂွမြို့နယ်အတွင်း စစ်ကူအင်အား ဖြည့်တင်းထားကြောင်း သိရသည်။
#ဂွ #ကျိန္တလီ #စစ်ကောင်စီ #AA #တိုက်ပွဲဖြစ် #Ayeyarwaddy_Times