
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းဒေသခံများထံက သိရသည်။
သေဆုံးသွားသည့် အမျိုးသမီးသည် ဆမီးမြို့ အမှတ် (၂) ရပ်ကွက်ရှိ အသက် (၄၃) နှစ်အရွယ် ဒေါ်သိန်းနုဟု သိရှိရပြီး ၎င်းသည် ကလေး လေးဦး၏ မိခင်လည်းဖြစ်သည်။
သြဂုတ်လ ၂၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်တွင် ဆမီးမြို့၏ တစ်ဖက်ကမ်းရှိ စစ်ကောင်စီ တပ်စခန်းအဟောင်း အနီးတွင် ဟင်းထွက်ရှာစဥ် စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။
“အရင်က စစ်သားတွေ သူတို့ရဲ့ တပ်စခန်းပတ်လည်မှာ မိုင်းတွေထောင်ထားတယ်။ အခုမိုင်းလည်း သူတို့မိုင်းပါ။ မိုင်းနင်းတဲ့အမျိုးသမီးက တစ်ယောက်တည်း ဟင်းထွက်ရှာရင်း အခုလိုဖြစ်သွားတာ။ အသံကြားကြားချင်း သွားကြည့်တော့ ခြေတစ်ဖက် ပေါင်ရင်းထိ ပြတ်သွားတယ်။ သွေးထွက်လွန်ပြီ ဆုံးသွားတာဖြစ်
တယ်” ဟု ဆမီးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသွားသူ ဒေါ်သိန်းနု၏ အမျိုးသားဖြစ်သူကလည်း ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်းပိုင်းက စစ်ကောင်စီနှင့် AAတို့ ဖြစ်ပွားသည့် တိုက်ပွဲတွင်း နှလုံးခုန်ရပ်တန့်က အသက်သေဆုံးခဲ့သူဖြစ်သည်။
ဆမီးမြို့တွင် ယခုနှစ် ဧပြီလ ၂ ရက်နေ့ကလည်း အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သူ အသက် (၆၅) နှစ်အရွယ် ဦးလိုက်ထန်သည် ၎င်း၏ တောင်ယာသွားစဥ် မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် ဖြစ်စဥ်ရှိခဲ့ဖူးသည်။
ဆမီးမြို့နေရာအနှံ့ စစ်ကောင်စီတပ်စွဲထားသည့် တပ်စခန်းနှင့် တိုက်ပွဲဖြစ်ပွားသည့် နေရာများတွင် အရပ်သားပြည်သူများ အသက် လုံခြုံရေးအတွက် မိုင်းနှင့် စစ်ကျန်လက်နက် ပစ္စည်းများကို သက်ဆိုင်ရာအဖွဲ့စည်းများအနေဖြင့် ရှင်းလင်းပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုထားသည်။
“ဆမီး ရဲစခန်း၊ ဆေးရုံ၊ ကျောင်းနဲ့ မြို့ထဲက နေရာအချို့ကိုဘဲ ရှင်းလင်းရေး လုပ်ရသေးပါတယ်။ ဆမီးချောင်းအထက် ဘားဝ၊ ဆမီးချောင်း တစ်ဖက်ကမ်း ရင်ကွဲတောင် တပ်စခန်းတွေကိုတော့ ရှင်းလင်းရေးလုပ်ကြတာ မရှိသေးဘူး။ ဆမီး ဒေသခံတွေက တောတောင်ကို မှီခိုပြီး ရှာဖွေစားသောက်နေရတဲ့အတွက် မိုင်းအန္တရာယ်ကြောင့် စိတ်လုံခြုံမူမရှိဘဲ အသက်အန္တရာယ်ခြိမ်းခြောက်သလို ခံစားရတယ်။ မိုင်းနဲ့ပတ်သက်လို့ ရှင်းလင်းရေးတွေ လုပ်ပေးစေချင်တယ်” ဟု ဆမီးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာတွင်လည်း ယခုနှစ် မေလ ၈ရက်နေ့က စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲရာမှ အသက် ၁၂ နှစ်အောက် ကလေး လေးဦးသေဆုံးပြီး တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သေးသည်။
စစ်အာဏာသိမ်းပြီးနောက် သုံးနှစ််ကျော်အတွင်း ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းနင်းမိ၍ ချင်းလူမျိုး ၃၆ ဦး သေဆုံးခဲ့ပြီး ၆၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ မှတ်တမ်းများအရ သိရသည်။
#ဆမီးမြို့ #မိုင်းနင်းမိ #အမျိုးသမီးတစ်ဦး #သေဆုံး
#Ayeyarwaddy_Times