ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ကနောင်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြီးခဲ့သည့် သြဂုတ်လအတွင်းက စစ်ကောင်စီတပ်နှင့် ရဲများသည် လူငယ်တစ်ဦိးကို ခေါ်ဆောင်သွားပြီး စစ်မှုထမ်းဆောင်ခိုင်းထားကြောင်း ဒေသခံများထံကသိရသည်။

အဓမ္မခေါ်ဆောင်ခံရသည့် လူငယ်မှာ အသက် ၂၈နှစ်အရွယ် မောင်ကျော်ဇင်ဝေ (ခ)ကျော်ဇင်လင်း ဖြစ်ပြီး လေးတူးအုပ်စု၊ လေးတူးလေးကျေးရွာမြောက်ပိုင်းတွင် နေထိုင်သူဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ခဏဆိုပြီး ရဲနဲ့စစ်တပ်က လာခေါ်သွားတာ။ ပြီးတော့ တပ်ထဲထည့်လိုက်ပြီး စစ်မှုထမ်းခိုင်းတယ်။ အဓိက ခေါ်ခိုင်းတာ အုပ်ကြီးပဲဖြစ်နိုင်တယ်။ သူ့အတွက်ဆိုပြီး အဲဒီရွာမှာ အုပ်ကြီးက အခုပိုက်ဆံတွေ ကောက်နေတယ်” ဟုလေးတူးအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိ လေးတူးလေးကျေးရွာမှာ အိမ်ခြေ ၁၂၀ ကျော် ရှိပြီး မောင်ကျော်ဇင်ဝေ (ခ)ကျော်ဇင်လင်းကို ထောက်ပံ့ရန်အတွက်ဟုဆိုကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက တစ်အိမ်လျှင် ကျပ်ငွေ သုံးသောင်းကျပ် ပေးရမည်ဟုပြောဆို၍ ကောက်ခံနေကြောင်း သိရသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမှာ စားအုန်းဆီရောင်းချပေးသည့် ဆီများကိုလည်း ကျေးရွာအတွင်း အနည်းငယ်သာရောင်းချပေးပြီး စျေးဆိုင်များတွင် သွားရောက်ရောင်းချနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ထို့ပြင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက လေးတူးကြီးကျေးရွာ၊ လေးတူးလေးကျေးရွာ နှစ်ရွာရှိ အိမ်ခြေ ၂၀၀ ကျော်ကို စားအုန်းဆီထုတ်ယူဖို့ စာအုပ်ပြုလုပ်ရန်အတွက် အိမ်ထောင်စုစာရင်း မိတ္တူကူးရမည်ဟုဆိုကာ နေအိမ်တစ်အိမ်လျှင် ကျပ်ငွေငါးထောင် ထပ်မံတောင်းယူနေကြောင်း ဒေသခံများကဆိုသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-လေးတူးလေးကျေးရွာ ရွာအဝင်
#မြန်အောင်တွင် #စစ်ကောင်စီတပ်နှင့်ရဲများ #လူငယ်တစ်ဦး #ခေါ်ဆောင် #စစ်မှုထမ်းခိုင်း #Ayeyarwaddy_Times