ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ရက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့အတွင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက် လာသည့်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ရက်နေ့မှစတင်ကာ မိုးမောက်နှင့် မံစီမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယမန်နေ့ စက်တင်ဘာ ၂ရက်နေ့ နံနက်ပိုင်းကစတင်၍ တိုက်ပွဲအရှိန်ရပ်တန့်ခြင်းမရှိဘဲ လေယာဉ်နှင့် ဒရုန်းများကို အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီက မြေပြင်စစ်ကြောင်းအပြင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်သည့်အပြင် ဒရုန်းများဖြင့်ပါ ဗုံးကြဲချတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၂၄ ရက်နေ့ကတည်းက တိုက်ပွဲစဖြစ်နေတာ။ မနေ့ကလည်း တိုက်ပွဲပြင်းထန်တယ်။ စစ်ကောင်စီက ထိုးစစ်ဆင်လာတာကို ပြန်တိုက်နေတာပါ။ စစ်တပ်က ဒရုန်းတွေပါသုံးလာတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

KIA သည် ပြီးခဲ့သည့် ဩဂုတ် ၁၉ရက်နေ့က မိုးမောက်မြို့စောင့်တပ် ခလရ ၄၃၇ကို သိမ်းပိုက်ခဲ့ပြီး သံချပ်ကာကားနှင့် လက်နက်ခဲယမ်းအမြောက်အမြားကိုပါရရှိခဲ့သောကြောင့် စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် ဗန်းမော်ရှိ တပ်ရင်းများမှနေ၍ အင်အား ၄၀၀ခန့်ဖြင့် မိုးမောက်ကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

KIA သည် မံစီအခြေစိုက် ခမရ-၃၁၉ နှင့် ခမရ-၆၀၁တို့၏ ကာကင်းစခန်းသဖွယ်ဖြစ်နေသော ကောင်ဂျာယန် စစ်စခန်းကိုလည်း ပြီးခဲ့သည့် ဩဂုတ် ၂၀ရက်နေ့တွင် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက အဆိုပါတပ်ရင်း နှစ်ခုကိုကာကွယ်ရန်အတွက် မံစီသို့လည်း စစ်ကြောင်းထိုးလာကြောင်း သိရသည်။

လက်ရှိတွင် ဗန်းမော်၊ မိုးမောက်နှင့် မံစီတွင် တိုက်ပွဲဖြစ်ပွားနေပြီး ဝိုင်းမော်တွင်လည်း စစ်ကောင်စီနှင့် KIA တို့ စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်။

#ဗန်းမော် #မိုးမောက် #တိုက်ပွဲပြင်းထန် #စစ်ကောင်စီ #လေကြောင်း #ဒရုန်း #ထိုးစစ်ဆင် #Ayeyarwaddy_Times